၅၂၈ (ဝတ္ထုတို)✍️ မစန္ဒာ

၅၂၈   (ဝတ္ထုတို)✍️  မစန္ဒာ

📔📔📔

“ဟဲ့ကောင်လေး မြန်မြန်လာ၊ တော်ကြာ နေပူမိနေဦးမယ်” 

မဖြူသည် သားငယ် ဖိုးတာ၏ လက်ကို ဆွဲခေါ်ရင်း နှုတ်ကလည်း လောဆော်သည်။ နေပူသည်ကို လသာသည်ဟု ထင်နေသော ဖိုးတာက ဆုတ်ကန်ကန်နှင့် လိုက်လာသည်။ သူ့လက်ထဲမှ မိုးသိကြား ဆီးသီးထုပ်ကို ထောင့်မှနေ၍ ဖြည်းဖြည်းချင်း စုပ်ပြီး စားနေသည်။ ဖိုးတာသည်အသက် ၄ နှစ်ကျော် ၅နှစ်ခန့်သာ ရှိသေးသော်လည်း ဆီးသီး လေးစိတ်ကွဲ၊ ထန်းလျက်ရည်၊ ငရုတ်သီးမှုန့်၊ မဆလာတို့နှင့် နယ်ထားသော ဆီးသီးထုပ်များကို ကောင်းကောင်း ကြိုက်တတ်နေပြီ ဖြစ်သည်။ 

“အမေကရဲ၊ အဲဒီအိမ်ပဲ ထနထန သွားနေတာပဲ” 

“ငါ့အမေအိမ်မို့ ငါသွားတာပေါ့ဟဲ့” 

“တူရို့ကတော့ ဘာရို့မလာလဲ” 

“သုဝဏ္ဏက ဝေးတာကိုး” 

“ဒီရိုချို ဒီကနေ ဟိုသွားတော့ရော ဝေးဘူးရား” 

“ဝေးဝေး မဝေးဝေး နင့်အပူ မဟုတ်ဘူး၊ မြန်မြန်လျှောက်” 

နေပူရှိန်က ပြင်းပြလှသဖြင့် မဖြူက ခေါက်ထီးကို ဖွင့်လိုက်သည်။ 

ထောက်ခနဲ ပြန့်ကားသွားသော ထီးရွက်ဖြင့် ဖိုးတာကို မိုးပေးရင်း 'စတီးကိုင်းနဲ့ ၉၀ တန် ခေါက်ထီးကြီးပေါ့လေ' ဟုတွေးကာ သက်ပြင်းချသည်။ 

ထိုထီးကို မော်လမြိုင်သို့ အခါခါ ဆင်းနေသော မဖြူ၏မောင် ဖိုးထောင်က ဈေးရင်းနှင့် ပေးသည်ဟု ဆိုကာ ပေးခြင်းဖြစ်သည်။ 'မော်လမြိုင်ဈေးနော် အစ်မ၊ ကျွန်တော် တစ်ပြားမှ မစားဘူး' ဟုဆိုသည်။ မဖြူသည် သူ့မောင်ကို ငွေ ၉၀ ပေးရင်း 'ဪ သူငွေလိုရင် ငါ့ဆီက ခဏခဏ ယူနေကျ၊ တစ်ခါမှလည်း ပြန်မပေးဘူး။ ဒီလို ထီးတစ်လက်လောက်များ ရောင်းမယ့်အစား အစ်မကြီး အနေနဲ့ ကန်တော့တယ် ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ' ဟု တောင့်တမိသည်။ သို့သော် တကယ် ဝမ်းနည်းမိသည်က စိန်ဂျွန်း ဈေးဘက်တွင် ထိုထီးမျိုးကို တွေ့၍ မေးကြည့်ရာ ဆိုင်ရှင်က 'ကိုးဆယ်ပါ အစ်မ၊ ဒါပေမဲ့ ဈေးဦးပေါက် လျှော့ပေးပါ့မယ်' ဟု ဆိုသော အခါတွင် ဖြစ်လေသည်။ 

ထိုအကြောင်းကို မိမိဟာမိမိ မျိုသိပ် မနေနိုင်၍ ကိုအောင်လှကို ပြန်ပြောမိသေးသည်။ ပြန်ပြောမိပြီးမှ မိမိ၏ မောင်ကို အထင်သေးမည် ကိုလည်း မခံချင်လေတော့ 'စိန်ဂျွန်းကလည်း အတု ပေါပါဘိနဲ့၊ စတီးကိုင်းစစ် ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါကြောင့် ဒီလောက်တောင် လျှော့ပြီးပေးမယ် ဖြစ်နေတာ၊ စစ်ရင် ဘယ်ရပါ့မလဲ' ဟုစကား လျှောချခဲ့ရလေသည်။ 

“အမေ့ ချယ့်တစ်ကားတွေက ကျပ်တယ်၊ တစ်ကျပ်ကား ချီးမယ်နော်” 

“အေးအေး” 

“တားဖို့ မိုးတကြားလည်း ထပ်ဝယ် ပေးဦးနော်” 

“အဲဒါတွေ ကြပ်ကြပ်စား၊ နင့်အဖေ ဆူလိမ့်မယ်။ ရောဂါ ဖြစ်တတ်တယ်တဲ့” 

“ဒီလိုချို မမမိုးတို့ တေတာ ကြာရောပေါ့။ တူတို့ ထနထန ချားတယ်” 

“တော်ရုံ စကားများစမ်းပါ သားရယ်၊ မြန်မြန် လျှောက်စမ်း” 

ဖိုးတာက အရွယ်နှင့် မလိုက်အောင် စကားများ၊ ဆင်ခြေများလှသည်။ မအေရင်းပင် စိတ်မရှည်ချင်။ တစ်ခါကလည်း အင်္ကျီလည်ဟိုက် ဝတ်ပြီး ယောက်ျားလေး သူငယ်ချင်း တစ်ဦးနှင့် စကားပြော နေသော မဖြူ၏ညီမ နီနီကို 'အန်တီကရဲ ချိုချိုကြီး ပေါ်ရော့မယ်၊ ချက်ဘူးရား' ဟု သွားပြောသည်။ 

နီနီက ရှက်သွေးမွှန်ပြီး 'မမဖြူသားက သိပ်မိုက်ရိုင်းတာပဲ' ဟု ပြောသောအခါ မဖြူသည် ဖိုးတာ၏ ပေါင်တွင်းကြောကို လိမ်တော့သည်။ 

အမေဆိုတော့ သည်းမခံချင် စိတ်ကလေးနှင့်မို့ 'သူ့ဟာသူ ပေါ်တာ နင့်အပူလားဟဲ့၊ နင်နဲ့ ဆိုင်သလား' ဟု အံကြိတ်သံနှင့် ပြောမိတော့ ဖိုးတာသည် 'ကြောက်ပါပြီ မေမေရဲ့၊ တူ့ဟာတူ ပေါ်တာ တားနဲ့ မချိုင်ပါဘူး၊ တားအပူ မဟုတ်ပါဘူး” ဟု အာပြဲကြီးနှင့် အော်ရင်း ငိုတော့ရာ ကျောကို တစ်ချက်လောက် ထုလိုက်လေသော အခါမှ ငြိမ်သွားလေသည်။ 

“မေ၊ အဖေက ဘာရို့ မရိုက်ရဲ” 

“ရုံးသွားနေတာကိုး၊ ဘယ်လိုလုပ် လိုက်မလဲ” 

“ရုံးမသွားရဲ ရိုက်ပါဘူး” 

“သူ့ဟာသူ မလိုက်ချင်လို့ မလိုက်တာပေါ့၊ နင့်အပူလား” 

မဖြူက ထုံးစံအတိုင်း ဗီတိုအာဏာ သုံးကာ ဖိုးတာ၏ ပါးစပ်ကို ပိတ်သည်။ ဖိုးတာက မေးလည်း မေးစရာ၊ မဖြူသည် သူ့မိဘမောင်နှမများ နေရာ လမ်းသုံးဆယ် တိုက်ခန်းသို့ တစ်ပတ် တစ်ခါ၊ ဆယ်ရက် တစ်ခါလောက် သွားဖြစ်သည်။ အမေနှင့် အဖေကို တွေ့ရတတ် သော်လည်း ကျပန်းအလုပ် မှန်သမျှ တွေ့မရှောင် သိမ်းကျုံးလုပ်သော မောင်နှင့်ညီမ နှစ်ယောက်ကို စုံအောင် တွေ့ခဲသည်။ အမေတို့ အိမ်တွင် အေးအေးဆေးဆေး စားသောက်ပြီးမှ ပြန်ချင်သဖြင့် မဖြူသည် ကိုအောင်လှကို သိပ်မလိုက်စေလိုပေ။ သူပါလာလျှင် ဧည့်သည်ကြီးလို အနေရခက် နေတတ်သည်။ 

စင်စစ် ပြောရလျှင် ကိုအောင်လှ ကလည်း မလိုက်လိုလှပေ။ “အဲဒီကွာ အိမ်လို့သာ ဆိုတယ်၊ ဖတ်စရာ စာအုပ်ကလေး တစ်အုပ်တလေတောင် မရှိဘူး' ဟု အထင်သေးသလို စကားဆိုသည်။ အမေကလည်း ဖိုးထောင် မော်လမြိုင်မှ ဝယ်လာသော ပိတ်တွန့်များကို ကိုက်တံနှင့် တိုင်းရင်း 'နင့်အကောင် ဘီအေက တစ်လကို ဘယ်လောက်များ ရှာနိုင်လို့တုံး' ဟုမေးခဲ့ဖူး လေသည်။ 

* * *

ကိုအောင်လှ အိမ်ပြန် ရောက်သောအခါ အိမ်တံခါးဝမှ သော့ခလောက် ကလေးက ဆီးကြိုနေသည်။ 'မဖြူတစ်ယောက် သူ့အမေအိမ် သွားပြန်ပြီ ထင်ရဲ့' ဟု တွေးနေမိစဉ် တစ်ဖက်ခန်းမှ ၁၀ တန်း ကျောင်းသူလေး မိုးမိုးနွယ်က လှမ်းပြောသည်။ 

“ဦးဦး ပြန်လာပြီလား၊ ဒီနေ့ အန်တီဖြူ ဆိုင်စောစော သိမ်းတယ်၊ လမ်းသုံးဆယ် သွားဦးမယ်တဲ့” 

“အေး အေး သော့ရော” 

“ပေးသွားတယ် ဦးဦး” 

မိုးမိုးနွယ်သည် ခြေညှပ် ဖိနပ်ပါးကို ရှပ်တိုက်ကာ လျှောက်ရင်း အိမ်ထဲ လှည့်ဝင်သွားသည်။ 'အဲ မေမေကရဲ အဲဒီအိမ်ပဲ ထနထန သွားနေတာပဲ' ဟူသော သားငယ် ဖိုးတာ၏စကားကို ကြားယောင်မိရင်း ခြေဖျားတွင် တရွတ်တိုက် ဝဲနေသော မိုးမိုးနွယ်၏ ထဘီနားကို ငေးကြည့်နေမိသည်။ 

'အင်း မဖြူ တစ်ယောက်က သူ့မိဘ၊ သူ့မောင်နှမကို တယ်ပြီး သံယောဇဉ် ကြီးတာကိုး' ဟု တွေးမိရာမှ 'ဪ ဒီခေတ် ကလေးတွေကလည်း ဘာလို့များ ထဘီကို တရွတ်ဆွဲအောင် ဝတ်ကြတာပါလိမ့်” ဟုချက်ချင်း အတွေးဆက် သွားသည်။ 'ငါတို့ ငယ်ငယ်တုန်း ကတော့ ထဘီတိုတို ဝတ်တာက ဖက်ရှင်ကြီးကို ဖြစ်လို့၊ အခုတော့လည်း အထက်ဆင် ပြားလိုက်ကြီးနဲ့ ထဘီ တရွတ်တိုက် ဆွဲနေကြ ပြန်ရော၊ နောက်တစ်ခေတ် ကျရင် ဘယ်လိုများ ဝတ်နေကြဦးမယ် မသိဘူး။ စာရေးဆရာ တစ်ယောက် ဟောတာတော့ ကြားဖူးတယ်။ အရှေ့တောင် အာရှက တိုင်းပြည် အတော်များများဟာ အမျိုးသား ဝတ်စုံတွေ ကျွတ်ကုန်ပြီတဲ့။ ဘောင်းဘီတွေ၊ စကပ်တွေနဲ့ ဖြစ်ကုန်ကြပြီတဲ့။ မြန်မာပြည် မှာတော့ ခုထိ ပုဆိုး မကျွတ်သေးဘူး။ ထဘီဝတ်တုန်းလို့ ပြောတယ်။ အင်း ဒါပေမဲ့ ခုဆိုရင် မိန်းကလေးတွေက ဘောင်းဘီတွေ၊ မက်ဆီတွေ ဝတ်ကုန်ကြပြီ။ ခုမွေးမယ့် ကလေးတွေ အပျို ဖြစ်ရင်တော့ ထဘီများ ကျွတ်ကုန် မလားဟဲ့” 

“ရော့လေ ဦးဦး၊ သော့” 

“ဪ အေး” 

“ဦးဦးကလည်း မတ်တတ်ကြီး ရပ်ပြီး ငေးနေလိုက်တာ၊ ဘာတွေ တွေးနေတာလဲ” 

မိုးမိုးနွယ်က တစ်ခစ်ခစ် ရယ်သည်။ ကိုအောင်လှသည် ပြုံးရုံသာ ပြုံးပြီး သော့ကို လှမ်းယူသည်။ သော့ခလောက် ထဲသို့ သော့တံကို လျှိုသွင်းရင်း 'အင်း ဒီအခန်းလေး ရထားတာ သိပ်ကံကောင်းတယ်' ဟု တစ်နေ့ တစ်ခါ နှစ်ခါ၊ တစ်ခါတလေ သုံးလေးငါးခါ နေ့စဉ် တွေးနေကျ အတိုင်း တွေးလိုက်မိ ပြန်သည်။ 

ယခုနေသော အခန်းသည် လေးခန်းတွဲ နှစ်ထပ်တိုက်မှ အစွန်ခန်းလေး ဖြစ်သည်။ ကိုအောင်လှ ကိုယ်တိုင် တနင်္ဂနွေ တစ်ပတ်လျှင် တစ်ကြိမ် မြေတူး၊ မြေသယ်၊ မြောင်းဖို့၊ အုတ်စီပြီ လုပ်အားပေး ခဲ့သောကြောင့် အစိုးရက ချပေးထားခြင်း ဖြစ်သည်။ ကံကောင်း ထောက်မ၍ အစွန်ခန်းလေး ရခဲ့သောကြောင့် သစ်ပင် ပန်းပင်လေးများ ပို၍ လွတ်လွတ်လပ်လပ် စိုက်နိုင်ခဲ့သည်။ ယခုဆိုလျှင် အိမ်ရှေ့မှ အုန်းပင်လေးလည်း သီးတော့မည်။ နောက်ဖေးမှ မာလကာပင်လည်း သီးနေပြီ။ အိမ်ဘေးတွင် မြောင်းချပြီး စိုက်ထားသော စံပယ်ပင်များ ကလည်း ဖွေးဖွေးလှုပ်အောင် ပွင့်နေပေပြီ။ ဤအိမ်ကို စပြောင်း လာစဉ်က အမေနှင့် အမေပါ ပါသည်။ အုန်းပင်ကို အဖေကိုယ်တိုင် စိုက်ခဲ့ခြင်း ဖြစ်သည်။ စံပယ်ခင်းကို အမေက ပျိုးသည်။ သို့သော်လည်း စံပယ် မပွင့်မီ အမေဆုံးကာ အဖေလည်း ရှေ့ဆင့် နောက်ဆင့်ပင် အမေ့နောက်သို့ လိုက်သွားခဲ့ လေသည်။ 

“ကိုအောင်လှရေ၊ နေ့ခင်းက ယောင်လည်လည်နဲ့ လူတစ်ယောက် လာသေးသဗျ၊ ဘယ်သူ့ တွေ့ချင်လဲ၊ ဘာလဲနဲ့ အသေအချာ ထွက်မေးမှ အူကြောင်ကြောင်နဲ့ ပြန်သွားတယ်။ လစ်ရင် ဆွဲမယ့် အကောင်ဗျ” 

မိုးမိုးနွယ်၏ အဖေက ပေါက်တူး ပေါက်ရာမှ လှမ်းပြောသည်။ 

“ကျေးဇူးတင်ပါတယ် အစ်ကိုရာ၊ ကြုံရင် ကြုံသလို စောင့်ရှောက် ပေးပါဗျာ၊ ကျွန်တော်တို့က အိမ်မြဲတာ မဟုတ်ဘူး” 

အချို့က 'ခင်ဗျားတို့ အခန်းတွေက ဆက်ပြီး တွဲနေတာ၊ တန်းလျားလို ဖြစ်နေတာပေါ့၊ ဘယ် လွတ်လပ်မလဲ၊ အနေမကျုံ့ဘူးလား' ဟုမေးကြသည်ကို သတိရသည်။ ကိုအောင်လှကမူ ထိုကဲ့သို့ ဆက်၍ တွဲနေသည်ကို ပို၍ သဘောကျခြင်း ဖြစ်သည်။ သူကလည်း ရုံးသွား၊ မဖြူကလည်း ဈေးထွက်နှင့် နှစ်ဦးစလုံးမှာ အိမ်မြဲကြသူများ မဟုတ်ပေ။ ဘေးခန်းများက ကြည့်ရှု ပေးထားသော ကြောင့်သာ သူခိုးသူဝှက်များ ဘေးမှ ကင်းဝေးနေခြင်း ဖြစ်သည်။ ဖိုးတာလေး ငယ်စဉ်ကလည်း တစ်ခန်းကျော်မှ ဒေါ်ဒေါ်သန်းတို့ မမစန်းတို့က မညည်းမညူ ထိန်းပေးကြဖူးသည်။ မဖြူ ဖိုးတာကို မွေးစဉ် ကတည်း မိန်းမဓမ္မတာ ကိစ္စများကို တစ်ယောက်တစ်လက် ဝိုင်းဝန်းပြုစု ကြသည်။ မဖြူ၏ အမေနှင့် ညီမများကမူ ဖိုးတာကို မွေးသည့်နေ့ ညနေက ဆေးရုံသို့ တစ်ခေါက် လာကြသည်။ ထို့နောက် ဆေးရုံ ဆင်းသည်မှ အိမ်ရောက်ပြီး မီးထွက်ကာ လလဲသည်အထိ တစ်ခေါက်မှ ရောက်မလာကြတော့ပေ။ သူက မကျေနပ်၍ တစ်ခါတစ်ရံ စကားစလျှင် 'သူတို့လည်း စီးပွါးရေး တစ်ဖက်နဲ့ မအားကြလို့ ထင်ပါရဲ့' ဟုမဖြူက ကာကွယ် ပြောရင်း ဝမ်းနည်းစိတ်နှင့် မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် ဖြစ်လာတတ်သည်။ 

'သူပဲ မနေနိုင် မထိုင်နိုင် ခဏခဏ သွား၊ သူ့အပေါ်လည်း ဘယ်သူမှ ကောင်းတာ မဟုတ်ဘူး၊ ပြန်လာရင် ဘာကြားရဦးမယ် မသိဘူး'

ကိုအောင်လှသည် ကရုဏာဒေါသနှင့် တွေးရင်း တံခါးကို တွန်းဖွင့်သည်။ ဆီထည့်ရန် လိုနေပြီ ဖြစ်သော ပတ္တာက တကျွီကျွီ မြည်ကာ မပွင့်ချင် ပွင့်ချင်နှင့် ပွင့်သွားသည်။ 'အကြီး ဖြစ်ရတာ ငယ်ငယ်တုန်းက အင်္ကျီအသစ် ဝတ်ရတာက လွဲလို့ ဘာမှ မကောင်းဘူး' ဟု ပြောဦးတော့မည်ကို ကြိုတင် ကြားယောင် နေမိသည်။ 

ကိုအောင်လှသည် တိုက်ပုံကို ချွတ်ကာ ချိတ်နှင့် ချိတ်လိုက်ပြီး ရှပ်အင်္ကျီကိုပါ ချွတ်လိုက်သည်။ တန်းပေါ်တွင် လွှားထားသော လုံချည်ပါးကို လဲဝတ်လိုက်ပြီးမှ ခုတင်ဘေးရှိ ပက်လက် ကုလားထိုင်တွင် ထိုင်လေသည်။ 

အိုက်စပ်စပ် ရှိသည်နှင့် စလူယပ်တောင်ကို ဖြည်းဖြည်းခပ်ရင်း စားပွဲပေါ်တွင် ထောင်ထားသော သူတို့နှစ်ယောက်တွဲ ဓာတ်ပုံကို ကြည့်နေမိသည်။ 

မိမိ၏ပုံထက် မဖြူ၏ပုံကို ဂရုစိုက်ပြီး ပြန်ကြည့်မိသည်။ မျက်ခုံး ကောင်းကောင်း၊ မျက်လုံး ပြူးပြူးနှင့် နှုတ်ခမ်း အနည်းငယ် လန်နေသည်။ သို့သော် ခြုံကြည့် လိုက်လျှင်မူ ကြည့်၍ ကောင်းကြောင်း ဝန်ခံရပေမည်။ 

'သိနေလို့လားတော့ မသိဘူး၊ မဖြူပုံကို ကြည့်ရတာ ကောလိပ်ကျောင်းထွက် မဟုတ်တာ သိသာသလိုပဲ' ဟု တွေးမိသည်။ 

ကိုအောင်လှနှင့် မဖြူသည် ရုံးတွင်ပင် တွေ့ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် မဖြူက ရုံးဝန်ထမ်းတစ်ဦး မဟုတ်ပေ။ ကိုအောင်လှတို့ ရုံးသို့ အမျိုးသမီးသုံး ပစ္စည်း အသေးအဖွဲများ ဖြစ်သော နှုတ်ခမ်းနီ၊ မိတ်ကပ်၊ ပေါင်ဒါ၊ ရေမွှေး၊ ယိုးဒယားကလစ် စသည်များကို လပေး လာရောင်းလေ့ ရှိသူ ဖြစ်သည်။ 

 မဖြူလာလျှင် အမျိုးသမီးတိုင်း ဝိုင်းအုံမြဲ ဖြစ်သည်။ သို့သော် ထိုအမျိုးသမီးတို့ ကြားတွင် ကိုအောင်လှက တစ်ဦးတည်းသော ယောက်ျားဖောက်သည် အဖြစ် ပစ္စည်း ဝင်ရွေးလေ့ ရှိသည်။ 

တက္ကသိုလ်မှ သရုပ်ပြ ဆရာမလေး ဖြစ်သူ သူ့ချစ်သူ ရီရီလှ အတွက် ဖြစ်သည်။ ပစ္စည်း ဝယ်ရင်း ရွေးရင်း မဖြူနှင့် ရင်းနှီးရသည်။ အရာရှိ တစ်ဦးနှင့် ရီရီလှ လက်ထပ်သွားသော အခါတွင်ကား ဟက်တက်ကြီး ကွဲနေသော ကိုအောင်လှ၏ အသည်းထံသို့ မဖြူက တိုးလျှိုးပေါက် တောက်လျှောက် ဝင်ရောက်လာ လေသည်။ 

“နင့်ဘီအေ အကောင်က တစ်လ ဘယ်လောက် ရှာနိုင်လို့လဲ” 

ထိုစကားကို မဖြူ၏ အမေက ပြောခဲ့သေးသည်။ ယူပြီးမှ ထိုစကား ကြားရသောကြောင့် သာပင်။ မယူခင်ကသာ ကြားရလျှင် ကိုအောင်လှသည် မဖြူကို လက်တွဲဖြုတ်ခဲ့မိ လေမည်လား မသိရပေ။ ဆတ်ဆတ်ခါအောင် နာခဲ့သည်ကား အမှန်ပင်။ 

ကိုအောင်လှကလည်း မဖြူကို ရီရီလှလို သူ့ထက်သာသူဟု သဘော မထားဘဲ သူ့ထက်တစ်ဆင့် နိမ့်ကျသူဟု မှတ်ယူထားမိသည်။ မဖြူကိုသာ မက မဖြူ၏ မိသားစု တစ်စုလုံးကိုပါ မညှာတမ်း ပြောရလျှင် 'အောက်တန်း ခပ်ကျကျတွေ' ဟု ပြောမိမည်ဖြစ်သည်။ 

သူ၏အဖေ ဆိုလျှင် သတင်းစာပင် ဖြောင့်အောင် ဖတ်တတ်သူ မဟုတ်။  သို့သော် ဖဆပလ အစိုးရ လက်ထက် လိုင်စင် ခေတ်ကောင်းစဉ်က လိုင်စင် သူဌေးကြီး တစ်ဦးကို အဆည်းကပ် ကောင်း၍ အဖျားအနား စားရသည်နှင့်ပင် လမ်းသုံးဆယ်မှ တိုက်ခန်းတစ်လုံး အဖတ်တင်ခဲ့သည်။ မှောင်ခိုတွေ ခေတ်ထပြန်တော့ အဘိုးကြီးကိုယ်တိုင် ကော့သောင်အထိ ဆင်းသေးသည်။ ရှာဖွေရေးနှင့် တိုးသဖြင့် လူပင်လျှင် အနိုင်နိုင် ပြန်လာရတော့မှ အတန်ငယ် ခြေငြိမ်သွားသည်။ 

ခုတော့ မဖြူ၏ မောင်နှင့် ညီမငယ် နှစ်ဦးက ခြေသွက် နေကြသည်။ တစ်မတ်ကျန်ကျန်၊ ငါးမူးကျန်ကျန်၊ တစ်ကျပ်ကျန်ကျန် သူတို့ခေါင်းက ချက်ခနဲ ချက်ခနဲ တွက်နေ၏။ ကုန်တိုက်ကြီး ဖွင့်စက ညီအစ်မနှစ်ဦး တန်းစီသော ကုန်ကို တန်းစီ၊ ကောက်တန်သော ကုန်ကို ကောက်ပြီး အတော်လေး အလုပ်ဖြစ်လိုက် ကြသေးသည်။ 

ဖိုးထောင်က ရုပ်ရှင်လက်မှတ် မှောင်ခိုလိုက်၊ အခွင့်သာလျှင် မော်လမြိုင် ဆင်းလိုက်နှင့် ဟန်ကျ နေကြသည်။ ခုတလောတော့ တန်းစီတိုးစားများကို လည်းကောင်း၊ ရုပ်ရှင်လက်မှတ် မှောင်ခိုများကို လည်းကောင်း အတော်လေး ကြပ်ကြပ်မတ်မတ် နှိမ်နှင်းနေသည်။ သူတို့တစ်တွေ ဘာလုပ်ကြဦးမည် မသိ။ မည်သို့သော အခြေအနေတွင် ဖြစ်စေ သူတို့ကတော့ ကျူပင် မြက်ပင်များလို လေသင့်ရာ ယိမ်းနွဲ့ပြီး ရှင်သန် နေကြမည် ကိုတော့ ကိုအောင်လှ ယုံကြည်မိသည်။ 

ဘာပဲပြောပြော သူတို့အထဲမှာ မဖြူက အရိုးဆုံး၊ စိတ်ကောင်း အရှိဆုံး။ ကိုအောင်လှက တွေးသည်။ မဖြူသည် သူနှင့် ယှဉ်လျှင် စီးပွါးရေး မျက်စိပွင့်ကာ လည်ပတ်သူ ဖြစ်သော်လည်း သူတို့မိသားစု ထဲတွင်ကား အရိုးဆုံး၊ အနုံဆုံး ဖြစ်လေသည်။ ထို့ကြောင့်လည်း သူ့အဖေက တစ်ခါတစ်ရံ 'ဘုတ်ထိုင်းမ' ဟူ၍ ထောမနာ ပြုတတ်လေသည်လား မသိရပေ။ 

ယခုလည်း သူ့မောင်တွေ၊ ညီမတွေက ဖော့ရှန်တွေ၊ လေယဉ်မောင်တွေကို အုပ်လိုက် ရောင်းဝယ်ဖြန့်ဖြူး နေကြချိန်တွင် သူက ဈေးထဲတွင် ငရုတ်သီး အစ၊ ကြက်သွန်အစ ရောင်းရသော ချောက်ချီးချောက်ချက် ဆိုင်လေးက မတက်နိုင်သေးချေ။ 

“ဘာ ချောက်ချီးချောက်ချက်လဲ၊ မီးဖိုချောင် စရိတ်ကို ရှင့်လခနဲ့ လောက်တယ် အောက်မေ့နေလား၊ အဲဒီ ချောက်ချီးချောက်ချက်က ထိန်းနေရတာရှင့်” 

မဖြူက သူ့ဆိုင်ကို ထိလျှင် မခံနိုင်ပေ။ ရန်စွယ်ငေါငေါ ပြန်ပြော တတ်သည်။ သူပြောသည်မှာလည်း ဟုတ်လေတော့ ကိုအောင်လှ ဘာပြန် ပြောရမည် မသိ။ အတန်ကြာမှ သတိရပြီး 'အောင်မာ လူလိုသူလို စားရင် လောက်တာပေါ့။ နင်တို့ တစ်မျိုးလုံး သူရဲလို အစားကြမ်းတာတော့ မပြောဘူး' ဟု ပြောမည်ကြံတော့ မဖြူက အနားတွင် မရှိတော့။ အိမ်ရှေ့လမ်းမသို့ အိပဲ့ပဲ့နှင့် ရောက်သွားချေပြီ။ 

မဖြူတို့များ အစားကြမ်းသည် ကတော့ ကြောက်စရာပင် ကောင်းသည်။ မရှိလျှင် ထမင်းကြမ်းခဲကို ငါးပိရည် ဆမ်းပြီး တညင်းသီး ဆားရည်စိမ် တစ်လုံးစီနှင့် ပြီးလျှင် ပြီးတတ်ကြ သော်လည်း အိတ်ထဲတွင် ပိုက်ဆံ ဖောင်းနေလျှင် အမဲသား တစ်ပိဿခွဲချက် လောက်ကို သားအမိ သားအဖတွေ တစ်နပ်တည်းနှင့် အပြတ်တွယ်ချင် တွယ်ပစ် တတ်ကြသည်။ 

ဒူရင်းသီး အလုံး အစိတ်လောက် ဝယ်ကာ မိသားတစ်စုလုံး ဝိုင်းထိုင်ပြီး တဝတပြဲ စားချင် စားပစ်တတ်သည်။ ထိုသို့သော မိသားစုမှ ဆင်းသက်လာသော မဖြူကလည်း ငါးကျပ်ရလျှင် ငါးကျပ်၊ တစ်ဆယ်ရလျှင် တစ်ဆယ်၊ ထမင်းပွဲတွင် ပုံအောတတ်သည်။ နေ့ဖို့ညစာ မထားတတ်၊ မစုတတ်၊ မဆောင်းတတ်။ လွန်ခဲ့သော သုံးလေးနှစ် ဖိုးတာမွေးစ ငရုတ်သီး ဈေးတွေ တက်စဉ်က ဈေးကောင်းမိပြီး ဆွဲကြိုးတစ်ကုံး အဖတ်တင် ခဲ့သည်သာ ပြောစရာရှိသည်။ ကိုအောင်လှ၏ လခနှင့်မူ မယားအလှကို ရွှေမပြောနှင့် ကြေးပင်လျှင် ဆင်နိုင်ရန် ခပ်ခက်ခက်ဖြစ်သည်။ 

မဖြူကို မစုရလား မဆောင်းရလားနှင့် အပြစ်တင်ချင် သော်လည်း ထမင်းပွဲ မြိုင်မြိုင်ဆိုင်ဆိုင် ဆိုလျှင် ကိုအောင်လှလည်း ကျေနပ်သည်ပင်။ အသားချိုချို ဆီစိုစိုကလေး စားပြီး အုန်းထန်းလျက်ကလေး ခဲရတော့လည်း 'ဪ ငါ့မိန်းမ တော်ရှာတယ်' ဟု တွေးမိတတ်သည်။ 

“ကျုပ်တို့က ရှာလည်း ရှာတယ်၊ စားလည်း စားတယ်တော့” 

မဖြူက လူရှေ့ သူရှေ့တွင် ထိုသို့ အသားယူလျှင်မှု အတန်ငယ် မြင်ပြင်းကတ်မိသည်။ ထို့ကြောင့် 'ဒါကြောင့် သူတို့တစ်မျိုးလုံး အဆီတစ်ထပ် အသားတစ်ထပ်နဲ့ ဝက်ပုံ ပေါက်လာတာ' ဟု ရယ်သလို မောသလိုနှင့် ပက်ခနဲ ပြန်ပြောမိရာ မဖြူ စိတ်ကောက်သွား၍ မနည်းကြီး ချော့ခဲ့ရသည်။ 

ပြောမယ့်သာ ပြောသော်လည်း မဖြူတစ်ယောက် ရင်မောက်မောက်၊ တင်ကောက်ကောက်နှင့် အလှကြီး လှ၊ အဝကြီး ဝနေသည်ကို ကိုအောင်လှ စိတ်အနှောင့်အယှက် မဖြစ်လှ။ 

* * *

“အမေ နီနီရော” 

အမေက မျက်နှာ မကောင်းလှ။ ဆေးပေါ့လိပ်ကို အငွေ့တထောင်းထောင်း ထအောင် ဖွာရင်း မဖြူကို ငဲ့ကြည့်သည်။ အမေ့ ဆံပင်များက ကြောင်ကြောင်ကျားကျား ဖြူနေသည်။ ပါးရေများ လျော့ရဲနေသည်။ 

“ညည်း မသိဘူးလား” 

“ဘာကိုလဲ အမေရဲ့” 

မဖြူသည် အမေ့ဘေးတွင် ထိုင်တော့မည် ပြုပြီးမှ ယောက်မကို လှမ်းယူကာ ပွက်စ ပြုနေသော ထမင်းအိုးကို မွှေလိုက်သည်။ မီးဖိုချောင်က မွစာကျဲနေသည်။ မဆေးရသေးသော ပန်းကန်များ၊ အဖုံးပိတ် မထားသော ငါးပိရည်အိုး၊ ဇွန်းတန်းလန်းနှင့် ချဉ်ရည်အိုး၊ မသွန်ရသေးသော အမှိုက်ပုံးတို့နှင့် တန်ဆာဆင် ထားသည်။ ယင်ကောင် လေးငါးကောင် ကလည်း ဟိုမှ သည်မှ တဝီဝီ ပျံနေကြသည်။ 'အင်း ငါ မရှိကတည်းက ဒီမီးဖိုချောင်လည်း သပ်သပ်ရပ်ရပ်ကို မရှိတော့ဘူး။ မိနီတို့ မိကြည်တို့ ကလည်း အပြင်စီးပွါးရေးလောက် ကိုပဲ အလုပ်ထင်တာ၊ အမေကလည်း ကြီးလှပြီ' ဟု စဉ်းစားရင်း စလောင်းဖုံးကို လှမ်းယူကာ ငါးပိရည်အိုးကို အုပ်လိုက်သည်။ 

“မိနီ လင်နောက် လိုက်သွားပြီလေ” 

“ဟော တော့” 

မဖြူက ယောင်၍ အော်လိုက်မိသည်။ အသံက အတန်ငယ် ကျယ်သွားသောကြောင့် မီးဖိုအောက်မှ ပြူတစ် ပြူတစ်နှင့် ထွက်လာသော ကြွက်ကလေး ပြန်ဝင်ပြေးသည်။ 

“ရှေ့ကနွားကြီး ကောက်ကောက် သွားတော့ နောက်နွားတွေလည်း 

ကောက်တာပေါ့ အေရဲ့” 

အမေက ထုံးစံအတိုင်း မဖြူကိုပင် အပြစ်တင်သည်။ 'ဪ အကြီး ဖြစ်ရတာလည်း ဒုက္ခပါလား၊ ငါ့ဟာငါ လင်နောက် လိုက်ပြန်တော့လည်း ငါပဲ အဆဲခံရ၊ ငါ့ထက်အငယ် လင်နောက် လိုက်ပြန်တော့လည်း ငါပဲ အဆဲခံရ ပြန်တာပါလား' ဟုတွေးမိပြီး မဖြူ ငိုချင်သွားသည်။ 

အသက် သုံးဆယ်ကျော်ပြီး သားသည် အမေပင် ဖြစ်နေပြီ ဖြစ်သော်လည်း မဖြူသည် မိဘ၏ မျက်နှာသာပေးမှုကို ခံယူလိုမြဲ ဖြစ်သည်။ ပြစ်တင် ဆူပူလျှင် ကလေးလို ငိုချင်လာမြဲ ဖြစ်သည်။ 

“ဘယ်သူနဲ့လဲ အမေ” 

“ဆိပ်ကမ်းမှာ နေ့စား လုပ်နေတဲ့ အကောင် တစ်ကောင်နဲ့ အေရဲ့၊ မိကြည်ကတော့ အမြဲတမ်း ဖြစ်ခါနီးပါပြီ ပြောတာပဲ” 

“ဒီလိုဆို တော်သေးတာပေါ့” 

“ဘာတော်ရမှာလဲ၊ အမြဲတမ်း ဖြစ်တော့ရော စာရေးက လွဲလို့ ဘာဖြစ်မှာလဲ” 

အမေက ပျစ်ပျစ်နှစ်နှစ် ပြောသည်။ မဖြူသည် ဆံပင် မဖြူ့တဖြူ၊ 

သွား မကြွေ့တကြွေ၊ ပါးရေ မတွန့်တတွန့်နှင့် အမေ့ကို ငေးစိုက် ကြည့်မိရင်း  ဒီစကားကိုများ ကိုအောင်လှ ကြားသွားရင် ဆွေ့ဆွေ့ ခုန်ဦးတော့မှာပဲ' ဟု စဉ်းစား နေမိသည်။ 

စင်စစ်တော့ အမေ အမြင်မှန် ရသင့်ပြီ ဖြစ်သည်။ အမေ အထင်ကြီးသော အလုပ်များသည် ဘာမျှ မမြဲဘဲ တံမြက်စည်းနှင့် အလှည်း ခံရသလို လွင့်လွင့် သွားသည်ကို အမေလည်း အသိပင်။ နီနီကပင် တစ်နေ့က အိမ်ကို လာလည်ရင်း 'နီတို့လည်း ဘာလုပ်ရမလဲ မသိဘူး အစ်မရဲ့၊ ဟိုဟာလုပ်လည်း ဖမ်း၊ ဒီဟာလုပ်လည်း ဖမ်းနဲ့ ဒုက္ခပဲ' ဟု ပြောခဲ့သေးသည်။ 

“ဟောတော့ ဆွဲကြိုး” 

နီနီ လာသည်ကို စဉ်းစားမိမှ မဖြူသည် သူ့လည်ပင်းကိုသူ ဖျတ်ခနဲ စမ်းမိတော့သည်။ ဆွဲကြိုးဟု ယောင်ယမ်းပြီး အော်မိသည်။ 

“ဘာဆွဲကြိုးလဲ” 

“ကျွန်မ လည်ပင်းက ဆွဲကြိုးလေ၊ တစ်နေ့ကပဲ နီနီ လာတောင်းလို့ 

ဖြုတ်ပေး လိုက်တာ၊ နှစ်ပတ်လောက်ပဲ အလွန်ဆုံး ကြာမယ်၊ အရင်း လိုနေလို့ ဆိုလို့” 

“ဖြစ်မှ ဖြစ်ရလေအေ” 

အမေက သက်ပြင်းချသည်။ မျက်လုံးမျက်ဆန် ပြူးနေသော မဖြူကို 

အရန်ကော ဟူသော အကြည့်နှင့် အပြစ်တင်သည်။ 

တစ်နေ့ကပင် နီနီ ရောက်လာသည်။ မလာစဖူး အလာထူးသည့် ညီမ အတွက် လက်ဖက်ရည် ပြေးမှာ၊ ပေါင်မုန့်မီးကင် ပြေးမှာနှင့် မဖြူ အလုပ်ရှုပ် သွားသည်။ 

“အဲဒါတွေ အသာ ထားစမ်းပါဦး အစ်မဖြူရဲ့၊ ဒီမှာ စကား ပြောရအောင်ပါ၊ ပွပေါက် တွေ့ထားလို့' ဟုပြောရင်း မဖြူ၏ လက်ကို ဆွဲကိုင်သည်။ 

“အခု စပါးပေါ်ချိန်လေ အစ်မရဲ့၊နောက်ပြီး ငါးပိသိပ်ချိန် ငါးခြောက်ခွဲချိန်' ဟု အစချီသည်။ 

“လမ်းဘေးမှာ ပုံရောင်းနေတဲ့ ပါကစ္စတန် အဟောင်းထည်တွေလေ၊ အစ်မ သိတယ် မဟုတ်လား၊ အဲဒါ ကောင်းကောင်း လတ်လတ်တွေ သိမ်းဝယ်ပြီး ရွာတွေဆင်းရင် ပွပေါက်ပဲ။ တစ်ဆယ်တန်လောက် အင်္ကျီကို သုံးလေးဆယ်တန် ငါးပိငါးခြောက်နဲ့ လဲရတော့ စရိတ်နုတ်ဦး၊ စားတာ သောက်တာ နုတ်ဦး၊ ဒီမှာ အဲဒီ ငါးပိ ငါးခြောက် ပြန်ရောင်းရင် နှစ်ဆခွဲလောက် မြတ်တာ” ဟုပြောသည်။ 

အရောင် တလက်လက် ရွှန်းပနေသော နီနီ၏ မျက်လုံးများကို ကြည့်ကာ မဖြူက သူ့ပိုက်ဆံအိတ်ထဲမှ လက်ကျန်ငွေကို စိတ်တွက်နှင့် တွက်ကြည့်သည်။ အခြေအနေ မကောင်းလှချေ။ ထို့ကြောင့် “ဘာလဲ ငွေလို နေပြန်ပြီလား၊ ငါ့မှာလည်း မရှိဘူးနော်။ ဒီနွေကုန်ရင် ဖိုးတာကို ကျောင်းအပ် ရတော့မှာ” ဟု ပိတ်ပြောသည်။ 

နီနီက ပြုံးပြီး “သိပါတယ် အစ်မမှာ ငွေမလွယ်ဘူးဆိုတာ သိပါတယ်။ ဒါကြောင့် ငွေမတောင်းပါဘူး။ အစ်မ ဆွဲကြိုးလေးသာ ခဏလောက်” ဟု နှုတ်ရဲရဲဖြင့် ပြောသည်။ မဖြူက မျက်လုံးပြူး သွားပြီး “ဟယ် ငါ့မှာ ဒါလေးပဲ ချမ်းသာတာ” ဟုပြောသေးသည်။ 

သို့သော် နီနီက “အစ်မရာ အလွန်ဆုံး နှစ်ပတ်ပါ၊ ပြန်ပေးမှာပေါ့။ ဒါက နီ ဝတ်ဖို့ ပေးဖို့မှ မဟုတ်တာ။ အမေတို့မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ကျပ်တည်း လာတာလည်း အစ်မဖြူ အသိ။ မိဘကို လုပ်ကျွေးဖို့ပါ အစ်မရယ်' ဟု လေပျော့လေးနှင့် ပြောတော့ မဖြူ အရည်ပျော် သွားသည်။ 

'ဪ သူ့ခမျာ လိမ္မာလိုက်တာ၊ မိအိုဖအိုကို လုပ်ကျွေးနေတာ၊ ငါက အစောကြီး ကတည်းက ကိုယ်လွတ်ရုန်း လာပြီး ဒီလောက်ကလေး ကူညီဖို့တောင် နှောင့်နှေး နေလိုက်တာ' ဟု ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း တစ်ကျပ်ခွဲသားခန့် ရှိသော ကြံဆစ်ကြိုးကို လည်ပင်းမှ ဖြုတ်ပြီး နီနီ့လက်ထဲ ထည့်ခဲ့လေသည်။ 

“ဒီကောင်မများ ညည်းမို့ ယုံတယ်” 

“ဪ အမေရယ်” 

မဖြူက နှမြောစိတ်နှင့် မျက်ရည်ရစ်ဝဲ လာသည်။ မဖြူလာခိုက် သူတို့နှင့် ကြုံလေတိုင်း အစ်မရယ် ဟိုအတွက် အရင်းနည်းနည်း လိုလို့ ငါးဆယ် ပေးပါဦး၊ တစ်ရာလောက် ပေးပါဦးနှင့် တောင်းသဖြင့် ပေးခဲ့ရသည် ချည်းပင်။ တစ်ခါမှတော့ ပြန်မရဖူးပေ။ မဖြူကလည်း သူတို့က အငယ်၊ ငါက အကြီး။ အလကား နေရင်းတောင် မုန့်ဖိုး ပေးရမှာ၊ ခုတော့ မိဘကို လုပ်ကျွေးနေတဲ့ အထဲ ထည့်ရတာ။ ပြန်မရလည်း ပြောမနေပါဘူးဟု ကိုယ့်စိတ်ကို လျှော့ထားမြဲ ဖြစ်သည်။ 

“သူ့အကောင် ကလည်း မွဲချာချာရယ်၊ ခုလောက်ဆို ညည်းဆွဲကြိုး ဘယ်ရွှေဆိုင်မှာ ဘယ်လောက်နဲ့ ရောင်းပြီးပြီလဲ မသိဘူး” 

အမေက သက်ပြင်းချသည်။ မဖြူသည် ထမင်းအိုးငှဲ့ရန် အသိ မဝင်လာတော့ဘဲ သတိလက်လွတ် ငေးကြည့် နေမိသည်။ ထမင်းရည် ခန်းပြီး ပျော့ပြဲလာသော ထမင်းစေ့များ ပွက်ခနဲ ပွက်ခနဲ ပွ့က်ကာ ညည်းညည်းညူညူ အော်နေကြ လေသည်။ 

* * *

“တော်ပြီ ကောင်ရယ် တော်ပြီ။ ဒီတစ်ခါတော့ ကျုပ်တကယ် စိတ်နာတာ” 

ထိုစကားကို မဖြူ မကြာခဏ ပြောဖြစ်သည်။ ပြောတိုင်းလည်း သူ့ ဆွဲကြိုးလေးကို မြင်ယောင် နှမြောမိသည်။ 

“ကျွန်မမှာ ဒါလေးပဲ ချမ်းသာတာ သိလျက်နဲ့ လုပ်ရက်တယ် ကောင်ရယ်” 

မဖြူသည် မယားဝတ္တရား ငါးပါး၊ ကျေပွန်သူ ဖြစ်သော်လည်း စကား ပြောသည်က မချည့်နဲ့ဘဲ မာဆတ်သည် ကိုတော့ ကိုအောင်လှ မကြိုက်ချင်။ သူများ လင်မယားတွေ ခေါ်သံ ကြားရလျှင် ကိုကိုရဲ့၊ မောင်မောင်ရဲ့နဲ့ နားဝင်ချိုစရာ ဖြစ်သော်လည်း မဖြူကမူ လက်ထပ် ပြီးသောအခါ ခေါ်နေကျ ကိုအောင်လှကို အနောက်မှ 'လှ'တစ်လုံး ဖြုတ်ပြီး 'ကိုအောင်' ဟု ခေါ်လေသည်။ 

ကိုအောင် ကိုအောင်နှင့် ခပ်မြန်မြန် ခေါ်သောအခါ နားထဲတွင် ကောင် ကောင် ဟုသာ အဆက်မပြတ်ကြားရလေသည်။ ကိုအောင်လှကမူ 'ဪ မသိတဲ့လူကတော့ မောင်လို့ခေါ်တယ် ထင်မှာပါ' ဟု ကြံဖန်ပြီး စိတ်ဖြေရ ရှာလေသည်။ 

သူ့ဟာသူတော့လည်း ရိုးရိုးစင်းစင်းကြီးပင် 'ကျွန်မ' ဟု ပြောသည်။ ကျွန်မကနေ မြန်လာတော့ 'ကျ' ဟူ၍ ဖြစ်ပြန်သည်။ အစပိုင်းက သတိမထားမိ သော်လည်း အလွယ်တကူ 'ကောင်' နှင့် 'ကျ'သည် ကိုအောင်လှ၏ နားထဲသို့ အလွယ်တကူပင် ချောခနဲ ချောခနဲ ဝင်သွားကြ လေသည်။ ဘာမှ အနှောင့်အယှက် မဖြစ်တော့။ ဖိုးတာ စကားတတ်စကမူ ကိုအောင်လှကို သူ့အမေ ခေါ်သလို 'ကောင်ရေ ကောင်ရေ' နှင့် ခေါ်နေ၍ အဖေခေါ်ရန် အတော်လေး သင်ယူခဲ့ရသည်။ 

“အကြီး ဖြစ်ရတာ ဘယ်တော့မှ မကောင်းဘူး ကောင်ရဲ့ သိလား၊ အငယ်တွေ ကောင်းရင် သူတို့ တော်လို့တဲ့။ ဟော မကောင်းပြန်တော့ သူတို့ ညံ့လို့ မဟုတ်ဘူး၊ ကျနဲ့ တူလို့တဲ့” 

 မဖြူက ဆွေးဆွေးမြည့်မြည့် ပြောသည်။ ကိုအောင်လှသည် မျက်ရည် ရစ်ဝိုင်းနေသော မဖြူ၏ မျက်လုံးလေးများကို ကြည့်ရင်း ကြင်နာစိတ် ကဲလာသည်။ 'ငါ့လခလေး ကလည်း မဖြစ်စလောက်၊ တတ်နိုင်ရင်တော့ မဖြူကို ဆွဲကြိုးလေး တစ်ကုံးလောက် ဆင်ချင်တယ်။ ခုတော့ သူ့မှာ အိမ်စရိတ်တောင် ဈေးရောင်းပြီး ဖြည့်နေရရှာတာ' ဟု စဉ်းစားမိသည်။ ထို့နောက် ဆက်ပြီး 'ငါ ဝယ်ဆင်ထားတဲ့ ရွှေဆွဲကြိုးသာ သူ့ညီမ လာလိမ်တယ် ဆိုရင် သူပိုပြီး အနေခက်ရှာမှာပဲ' ဟု စဉ်းစားမိလေသည်။

“အဖေ့ အန်တီက ကရေး မွေးတော့မှာတဲ့” 

 ဖိုးတာက ပလတ်စတစ် စစ်သားရုပ်များနှင့် ဆော့နေရာမှ လှမ်းပြောသည်။ 

“ဘယ်လိုလုပ် မွေးမှာလဲ၊ သူယောက်ျား ယူသွားတာကမှ ခြောက်လလောက် ရှိသေးတာ” 

“တိဘူးလေ၊ အန်တီကြည်က ကြောတော့ ဒီကောင်မ ဗိုက်ကြီးရို့ 

ယောက်ျား ယူတာတဲ့” 

“အဲ့ဒါ နင့်အပူလား” 

မဖြူက ဖိုးတာ၏ နဖူးကို ထခေါက်သည်။ 

“အဲဒါတွေ ခက်တာ” ဟု ကိုအောင်လှက တွေးမိပြန်သည်။ 

မဖြူသည် သူ့သားကို အသည်းပေါက်မတတ် ချစ်သော်လည်း သူ့ထုံးစံအတိုင်း ချိုသာ နူးညံ့ခြင်း မရှိလှပေ။ သားအတွက် လိုအပ်သမျှကို မျက်စိဒေါက်ထောက် ကြည့်ပြီး ဖြည့်စွမ်း ပေးတတ်သည်။ သို့သော် သားကို ယုယကြင်နာစွာ ပွေ့ပိုက် ထားသည်ကိုကား မတွေ့ရတတ်ပေ။ သားက သူ့ကို ချွဲနွဲ့ပြီး တွယ်ကပ်နေလျှင် ပိုက်ဆံတစ်မတ် ထုတ်ပေးပြီး 'ရော့ ဆီးသီးထုပ် သွားဝယ်စား' ဟု ပြောလွှတ် တတ်သေးသည်။ ကိုအောင်လှသည် ငိုမဲ့မဲ့ ဖြစ်သွားသော ဖိုးတာကို အသာ လှမ်းဖက်လိုက်ရင်း 'ဟင်း ပြောရရင် မကောင်းဘူး။ စရိုက်က ခပ်ကြမ်းကြမ်းတွေ' ဟု ဒေါသနှင့် တွေးသည်။ 

“ကောင်မလေး ယောက်ျားကလည်း ခပ်ဆိုးဆိုးတဲ့ ကောင်ရဲ့၊ ကြည်ကြည်ကတော့ စိတ်မကောင်း ဖြစ်နေတယ်၊ ကျတော့ စိတ်ဖြတ် ထားတယ်။ တော်ပြီ စိတ်နာတယ်” 

“အမေချွဲကြိုးရဲ ရောင်းပြီး သူ့ယောက်ျားကို ရက်ပတ်နာရီ ဝယ်ပေးတာတဲ့ အဖေရ” 

ကိုအောင်လှ၏ ရင်ခွင်ထဲတွင် ပုနေသော ဖိုးတာက သူသိလာသမျှကို ခပ်တိုးတိုး ပြန်ပြောသည်။ 

ရုတ်တရက် မည်းတက်လာသော ကောင်းကင်ကို မော့ကြည့်ပြီး မဖြူ အိမ်ဘေးသို့ ထွက်သွားသည်။ လှန်းထားသော အဝတ်များကို ခပ်သွက်သွက် ရုပ်နေလေသည်။ သူထွက်သွားမှ ဖိုးတာ၏ အသံက အနည်းငယ် ကျယ်လာသည်။ 

“တူ့ယောက်ျားက တူ့ကို ရိုက်တယ်တဲ့” 

“မင်းကို ဘယ်သူပြော” 

“အန်တီကြည်ပေါ့ အဖေရ၊ မနေ့တုန်းက လမ်းတုံးချယ် အိမ်မှာ မေမေနဲ့ ကြောပြီး ငိုနေကြတာ” 

“မင်းအမေရော ငိုတာပဲလား” 

“ငိုတာပေါ့၊ နာကတော့ ချိတ်နာပီ၊ ချိတ်နာပီ၊ တော်ပီနဲ့ နောက်ပီး တူပဲငို” 

ကိုအောင်လှသည် ဖိုးတာကို တင်းတင်းဖက်ရင်း အသံထွက်အောင် ရယ်မိသည်။ သူပြောချင်သည့် စကားကို သားက ပြောကာ နေသဖြင့် သဘောကျ နေသည်။

တကယ့် တကယ်တော့ မဖြူသည် ရေကို ဓားနှင့် ဖြတ်နေခြင်း ဖြစ်သည်ဟု ကိုအောင်လှ တွေးမိသည်။ သူ့စိတ်ကို သူ့ဟာသူ သိလျက်နှင့် ဘာကြောင့်များ လေအကုန် ခံပြီး ပြတ်ပြီ ပြတ်ပြီဟု ပြောနေပါလိမ့်ဟု စဉ်းစား နေမိသည်။ 

“မိုးတွေကတော့ တအား ရွာလိမ့်မယ် ကောင်ရေ့၊ မည်းပြီး ညို့နေတာပဲ” 

မဖြူသည် ဖျာတစ်ချပ်ခင်းကာ အဝတ်များကို ပုံချလိုက်သည်။ သူ့စကားနှင့် မရှေးမနှောင်းပင် တဝေါဝေါ အော်လာသော မိုးသံကို ကြားရသည်။ ရှေ့ပြေးမိုးများက မြေပေါ်သို့ ဖြိုးဖြိုးဖြောက်ဖြောက် ခုန်ဆင်း လာကြသည်။ 

“ခုနေများ နီနီ ရောက်လာရင် ဘာလုပ်ရမလဲ မဖြူရေ၊ သူလည်း ကျပ်ချင် ကျပ်နေမှာ၊ ငွေလိုချင် လိုနေမှာ” 

ကိုအောင်လှက အကဲစမ်းသလို မေးမိသည်။ မဖြူသည် မသိမသာ မဲ့သွားကာ နှုတ်ခမ်းကို တင်းတင်းစေ့သည်။ ထို့နောက် သံပြတ်ဖြင့် ဖြေသည်။ 

“ငါ့ဆွဲကြိုး ဘယ်မလဲလို့ မေးလိုက်မှာပေါ့” 

'အလဲ့ ဘယ်ဆိုးလို့လဲ' 

ကိုအောင်လှက စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် မဖြူ၏ဘေးတွင် ထိုင်ကာ သွေ့နေပြီ ဖြစ်သော အဝတ်များကို ကူ၍ခေါက်သည်။ 'မဖြူရဲ့ ရေကို ဓားနဲ့ဖြတ်ရင် မပြတ် မပြတ်လို့ မြည်တယ်' ဟု ရယ်သွမ်းသွေးကာ ပြောချင်နေသည်။ သို့သော်လည်း မဖြူ မျက်နှာက အတော် တင်းနေသောကြောင့် 'သူ့ဆွဲကြိုးလေးကို သူအတော် မက်တာ၊ တကယ် ပြောချင်လည်း ပြောမယ် ထင်တယ်' ဟုတွေးမိ ပြန်သည်။ 

“မိုးကလည်း ပြတ်နိုင်ဘူး၊ မိုးကုန်ခါနီးလေ ရွာလေပဲ၊ ကျ ဝယ်ထားတဲ့ ငရုတ်သီးတွေလည်း မှိုတက်လှပြီ၊ ဒီလိုဆို ဈေးလျှော့ ရောင်းရတော့မယ်။ ဆိုင်ရှေ့မှာလည်း ရွှံ့တွေ ဗွက်တွေနဲ့ သွားလို့ လာလို့ မကောင်း” 

မဖြူက စကားလွှဲသည်။ သို့သော် သူ့စိတ်ထဲမှာမူ နီနီ့အကြောင်း ကိုသာ စဉ်းစား နေလိမ့်မည်ကို ကိုအောင်လှ သိလေသည်။ 

'ကိုယ်လေး လက်ဝန်ကြီးနဲ့ ပါး နား အရိုက်ခံရတယ် ဆိုတော့လည်း သနားစရာ၊ ငါ့ညီမ အရင်းသာဆို ဟိုကောင်ကို ပြေးသတ်မိမယ် ထင်ပါရဲ့' ဟု စဉ်းစားမိသည်။ 

'ဪ သူ့စေတနာ အကျိုးပေးတာပဲ။ စိတ်စေတနာ မကောင်းတဲ့ မိန်းမဆိုတော့ သူ့မှာ စိတ်ဆင်းရဲ လူဆင်းရဲ ဖြစ်စရာ ကြုံတာပေါ့' ဟု တရားကျမိ ပြန်သည်။ 

'ခုနေများ နီနီ့ကို တွေ့ရင် မဖြူ ဘာများလုပ်မယ် မသိ သူပြောသလို တကယ်ပဲ ပြတ်နိုင်ပါ့မလား' ဟုဆက်၍ တွေးသည်။ 

တွေးကောင်းတိုင်း တွေးနေသော်လည်း သူ့အိမ် တံခါးဝသို့ နီနီတစ်ယောက် တကယ်ပင် ရောက်လာ လိမ့်မည်ဟုကား လုံးဝ မထင်မိချေ။ သို့သော် နီနီ အမှန်တကယ်ပင် ရောက်လာချေသည်။ 

“အစ်မဖြူ” 

နီနီက မဝံ့မရဲ ခေါ်သည်။ မိုးရေများ တဖျန်းဖျန်း ပက်နေသော အိမ်ကပြင်တွင် ညှိုးငယ်စွာ ရပ်နေသည်။ ဖောင်းပြီး ကားနေသောဗိုက်ကို ညာလက်ဖြင့် အုပ်ကိုင်ပြီး သံစကာ ကွက်ကျဲကို ဘယ်လက်နှင့် ဖွဖွ ကိုင်ထားသည်။ 

“ဟင်” 

မဖြူက သူ့လက်ထဲမှ ခေါက်လက်စ ပုဆိုးကို တင်းတင်း ဆုပ်လိုက်သည်။ လှုပ်ရှားနေသော လက်မျာသည် ငြိမ်သက်ပြီး ကျောက်ရုပ် တစ်ရုပ်လို ဖြစ်သွားသည်။ ပြူးကျယ်သော မျက်လုံးများကမူ မှုန်ငေးပြီး အရောင် အမျိုးမျိုး ယှက်သမ်း သွားလေသည်။ 

“အစ်မရယ် ကျွန်မ မိုက်မိပါတယ်” 

မိုးသံ လေသံများနှင့် ဆူညံနေသော်လည်း တုန်တုန်ခိုက်ခိုက် ပြောနေသော နီနီ့အသံကို တိုးတိုး ကြားရသည်။ 

မဖြူသည် ပင့်သက် ရှူလိုက်ပြီး နေရာမှ ရုတ်တရက်ထသည်။ 

အိမ်နောက်ဖေးသို့များ ချာခနဲ လှည့်ဝင် သွားလေမည်လားဟု ကိုအောင်လှ ထိတ်သွားသည်။ 

သို့သော် မဖြူသည် သူ့ခန္ဓာကိုယ် ဝဝကို တံခါးပေါက်ဆီသို့ ခပ်သုတ်သုတ် သယ်သွားသည်။ တံခါးချက်ကို အလောတကြီး ဖွင့်ရင်း နီနီ့ကို ခပ်ငေါက်ငေါက် ပြောလေသည်။ 

“ဟဲ့ အိမ်ထဲကို မြန်မြန်ဝင်စမ်း မိုးတွေ ဒီလောက် ပက်နေတာ၊ ဖျားနာနေမှဖြင့် ဒုက္ခ” 

▪️▪️▪️

မစန္ဒာ 

မင်းကန်စီ ဝတ္တုစဉ်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.