ငွေကို လေလိုသုံးသူ (ဝတ္ထုတို)✍️ သော်တာဆွေ
📔📔📔
ကိုယ့်လဲ သူ မပိုင်
သူ့ကိုလဲ ကိုယ်မပိုင်
ဘယ်သူ့ကိုမှ ဘယ်သူ မပိုင်
ကိုယ့်ကိုယ်ကိုယ်မှ ကိုယ်မပိုင်
ဖြစ်ချိန်တန်လျှင် ကံအတိုင်းဖြစ်
ပစ္စည်းကိုလဲ လူကပစ်
လူကိုလဲ ပစ္စည်းကပစ်
မမြဲတဲ့ အနိစ္စအစစ်
ကြောက်စရာကောင်းတဲ့ ဒုက္ခအစစ်
အစိုးမရတဲ့ အနတ္တအစစ်။
(မစ္ဇျိမ ပဏ္ဏာသ ရဌပါလသုတ် မြန်မာပြန်)
ဤကား အသုဘတွင် ကမ်းသော ယပ်တောင် တစ်မျက်နှာမှ ဖြစ်၍ အခြားတစ်မျက်နှာကား
ကွယ်လွန်သူ
အသက်(၄၁)နှစ်ရှိ ဦးမြမောင်(မိုးကုတ်မြို့)
ကောင်းမှု။
၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ကွယ်လွန်၍ (၂၄)ရက်နေ့တွင် ကြံတောသုသာန်၌ သင်္ဂြိုဟ် ဂူသွင်းထားသည်။
ကျွန်တော်နှင့်သောက်ဖော်သောက်ဖက်၊ ဆိုးဖော်ဆိုးဖက်ဖြစ်သည်။ သူ့အကြောင်းက ရေးချင်စရာကောင်းလှသည်။ ကျွန်တော် ရေးချင်နေတာ ကြာပြီ။ သို့သော် သူက ရှက်တတ်သူဖြစ်သည်။ သူ့ကို လူသိမှာ အင်မတန်စိုးသည်။ ကျော်စောကိတ္တိမကို မမက်မောသည့်ပြင် စက်ဆုပ်သူဖြစ်သည်။ သာဓကတစ်ခု ပြပါမည်။
ကျွန်တော် (၇)မိုင် ရွာတန်းရှည်ရွာကလေးတွင် နေစဉ် တစ်နေ့သ၌ မြို့ထဲမှ ကျွန်တော့်ကို သူ့ကားနှင့် လိုက်ပို့ရာ ရွာထိပ်တွင် အမိုးသာရှိ၍ အကာဗလာနတ်ထိနေသော အဆောက်အအုံလေးတစ်ခုကို မြင်သော်…..
“ကိုဆွေ ဒါ ဘာလဲဗျ။ အထဲက ထိုင်ခုံလေးတွေ ကြည့်ရတော့ စာသင်ကျောင်းထင်တာပဲ"
"မှန်ပါသဗျာ…၊ ကျွန်တော်တို့မဟာရွာတန်းရှည်က မဟာမူလတန်းကျောင်းအစစ်ပါပဲ"
ကျွန်တော် သူနှင့်တွေ့ပြီဆိုလျှင် ကျွန်တော့်ဗိုက်ထဲမှာ ကမ္ဘာတွင် အကောင်းစား ဝီစကီများ အောင်းနေပြီဖြစ်၍ အာဝဇ္ဇန်းရွှင်နေပြီ။
"နို့.. အကာလဲ မရှိပါလား"
"အကာ မရှိဆို ကမ္ဘာက အသိပါပဲဗျာ၊ ဟောဒီ ရွာတန်းရှည်သား ဖွတ်ကြားတွေ ငွေစုတုန်းပါဗျ"
"ဒါဖြင့် ခင်ဗျားအိမ် ရောက်တဲ့အခါမှာ အဲဒီကျောင်းကို ကမကထလုပ်ကြတဲ့ လူကြီးတွေ ခေါ်ပေးစမ်းပါ"
သို့ဖြင့် အိမ်ရောက်သောအခါ၌ ကျွန်တော့်သားများအား မည်သူမည်ဝါတွေ ခေါ်ချေစမ်း ဟု လွှတ်လိုက်၏။
မကြာမီ အရပ်လူကြီးများ လျှောက်လာကြသည်။ မြင်ကွင်းကား လူကြီးများအဖို့ မတင့်တယ်လှပေ။ ကမောက်ကမလည်း နိုင်ပေသည်။ တစ်လ အစိတ်ပေးရသော ကျွန်တော့်အိမ် သုံးပင်နှစ်ခန်း ခနော်နီ ခနော်နဲ့ အိမ်ကလေး ရှေ့တွင် အိမ်ထက်ရှည်သော ချက်ပလက် ဘဲလ်အဲယားကားကြီး ရပ်လျက်။ ကျွန်တော်နှင့် ကိုမြမောင်က အလွန်ကျဉ်းသော အိမ်ဦးခန်းလေးမှာ ပုလင်းထောင်နေကြသည်။
ကျွန်တော်တို့နှစ်ယောက်သည် ပထမ၌ ဟိုတယ်မှာ စားသောက်နေကြရာမှ စိတ်ကူးတစ်မျိုးရကာ ဝီစကီ၊ ဆိုဒါ၊ ရေခဲနှင့် စားသောက်စရာများကို ပန်းကန်ခွက်ယောက်နှင့်တကွ ကားပေါ်တင်စေပြီး ကျွန်တော့်အိမ်သို့ လာခဲ့ခြင်းဖြစ်ပါသည်။ အဖြစ်က စကားစပ်မိသဖြင့် ကျွန်တော့်အိမ်တွင် ငါးရှဥ့်ဟင်းချက်သည် ပြော၍ သူ ထိုဟင်း စားချင်သည်ဆိုပြီး မှာပြီးသားတွေလည်း ကျွန်တော့်အိမ်သားတွေ စားပစေတော့ဟု ယူဆောင်ခဲ့ခြင်းဖြစ်သည်။
ဆိုဒါပုလင်းခွံများနှင့် ပန်းကန်ခွက်ယောက်တို့လည်း ဘယ်တော့မှ ဟိုတယ်ပြန်ရောက်သည်မရှိ၊ နောက်မှ သူတို့ထုံစံအတိုင်း ကျသမျှ ရှင်း၏။ ကျွန်တော့်ဇနီးချက်သော ငါးရှဥ့်သား ဖားသားတို့ကို ခံတွင်းတွေ့ သူဖြစ်သည်။
ရောက်လာကြသော အရပ်လူကြီးသုံးယောက်သည် ဟိုတယ်မှ စားသောက်စရာတွေ ဗရပွနှင့် ပုလင်းထောင်နေကြသော ကျွန်တော်တို့နှစ်ယောက်ကိုကြည့်၍ သူတို့အား ဘာကိစ္စ ခေါ်သလဲဟု မစဉ်းစားတတ်အောင် ဖြစ်နေပုံပေါ်နေသည်။ သူ့တို့အား အတူတကွ စားသောက်ရအောင် ခေါ်ရန်ကလည်း သူတို့သည် အရက်သောက်တတ်ကြသူများ မဟုတ်ကြောင်း ကျွန်တော်က သိပြီးဖြစ်နေပါသည်။
ထို့ကြောင့် ကျွန်တော်ကစ၍
"ခင်ဗျားတို့ကို အရက်သောက်ရအောင် ခေါ်တာမဟုတ်ပါဘူးဗျာ။ ဟောဒီ ကျွန်တော့်မိတ်ဆွက စုံထောက်ဗျ၊ ဒီရွာထိပ်က ခင်ဗျားတို့စာသင်ကျောင်းလေးအတွက် မေးချင်လို့တဲ့ဗျ"
ထိုအခါ ကိုမြမောင်က
"ခင်ဗျားတို့ ဒီကျောင်းလေး ကာဖို့ အလှူငွေ ကောက်နေတယ်လို့ ကြားတယ်၊ ဘယ်လောက်ရပြီလဲ"
တစ်ယောက်သော လူကြီးက တုံ့နှေးနှေးဖြင့်..
"ဖြစ်ဖြစ်မြောက်မြောက် မရသေးပါဘူးဗျာ၊ တချို့က ပါးစပ်ထည့်စာရင်းပဲ ရှိကြပါသေးတယ်"
ကိုမြမောင်က…
"ကဲ.. ဒါဖြင့် စုစုပေါင်း ဘယ်လောက်ရရင် ဖြစ်မလဲ"
လူကြီးများသည် ဘာအဓိပ္ပါယ်လဲဟု နားမလည်သေးဘဲ တစ်ဦးမျက်နှာ တစ်ဦး ကြည့်နေကြပြီး နောက်ဆုံးမှ တစ်ယောက်က အရဲစွန့်သော ပုံသဏ္ာန်ဖြင့်..
"ခုနစ်ရာကျပ်ဆို ရပါတယ်ဗျာ.... "
ထိုအခါ ကိုမြမောင်သည် သူ့အိတ်ထဲမှ ငွေစက္ကူအုပ်ကိုထုတ်၍ ရာတန်ခုနစ်ရွက်ကို ဆတ်ခနဲ ဆွဲထုတ်ပေးလေတော့ရာ လူကြီးများမှ ရုတ်တရက် အံ့အားသင့်နေကြ၍ ကျွန်တော်က
"ယူလေဗျာ.. ခင်ဗျားတို့ ငွေ(၇၀၀)ကျပ် လိုချင်တယ်ဆိုလို့ ပေးတဲ့ဟာပဲ"
သည်တော့ တစ်ယောက်က လက်ခပ်တုန်တုန်ဖြင့် ယူပြီး နှုတ်သွက်သူ လူလည်တစ်ယောက်က ပြူးပြူးပျာပျာဖြင့်
"သူဌေး နာမည် အမိန့်ရှိပါခင်ဗျာ၊ သူဌေးမင်းကောင်းမှု အနုမောဒနာခေါ်ကြဖို့ ကျွန်တော်တို့အသင်းကနေပြီး သတင်းစာထဲ ထည့်ပေးပါ့မယ် ခင်ဗျာ"
ယင်း၌ ကိုမြမောင်က လက်ခါ၍
"ကဲ သွားကြ သွားကြ၊ ခင်ဗျားတို့လိုချင်တာ ကျွန်တော် ပေးပြီးပြီ၊ ဒီကိစ္စကို သတင်းစာထဲ ထည့်စရာလဲ မလိုဘူး၊ ကျွန်တော့်နာမည်လဲ မသိချင်ကြပါနဲ့၊ သော်တာဆွေ့သူငယ်ချင်း အရက်သမားတေစ်ယောက်လို့ပဲ ယူဆကြပါ။ ကဲ ကြွကြလေဗျာ၊ ဒီပွဲမှာက လူကြီးမင်းတို့နဲ့ မလျော်ပါဘူး၊ ကျွန်တော်တို့က အရက်သောက်နေကြတာဗျ"
လူကြိးသုံးယောက်မှာ အံ့သြစွာနှင့် ပြန်သွားကြကုန်သည်။
နောက်တစ်နေ့၌ ကျွန်တော့်ဆီလာ၍ အကျိုးအကြောင်းကို မေးပြီး ရွှန်းပသောမျက်နှာတို့ဖြင့်…
"ဟာ ဒီလိုဆို ဦးသော်တာဆွေက စောစောက ကြိုပြောထားရောပေါ့ဗျာ"ဟု အားမလိုအားမရ ပြောသဖြင့် ကျွန်တော့်မှာ လူတို့၏သဘောကို တွေး၍ အားရပါးရ ရယ်မောလိုက်ရပါ၏။
ကျွန်တော်က ဤအကြောင်း ကိုမြမောင်အား ပြန်ပြောပြတော့ သူ တကယ်ပဲ မနှစ်သက်ချေ။ မျက်နှာရှုံ့လျက်…
"ခင်ဗျားကြီး တော်စမ်းပါဗျာ၊ ဒါလေး တစ်ဆိတ်ကို တအိတ်ကြီး လုပ်မနေစမ်းပါနဲ့"ဟု ကျွန်တော့်ကို ငေါက်ပါသည်။ သူ့အကြောင်းရေးဖို့ သွားပြောကြည့်တော့ ခါးခါးသီးသီး ငြင်းပါသည်။
"ကျွန်တော် အကောင်းရေးမှာပါဗျ"
"အကောင်းရေးရေး မကောင်းရေးရေး ရေးရင်တော့ ခင်ဗျားနဲ့ ကျွန်တော် တစ်သက် အပြတ်ပဲ"
ဟုတ်တယ်။ သူ တကယ်စိတ်ဆိုးမယ် ဆိုတာလည်း ကျွန်တော် ယုံပါသည်။ ဟော ယခုတော့ သူ စိတ်မဆိုးနိုင်ရှာတော့ပါ။ ကျွန်တော် ရေးရပါတော့မည်။ ရေးသော် သူ့အတ္ထုပ္ပတ္တိကား မဟုတ်ပါချေ၊ သူ့အတ္ထုပ္ပတ္တိ ရေးနိုင်လောက်အောင်လည်း သူ့အကြောင်း ကျွန်တာ် အကုန် မသိပါချေ၊ သည်လို အတ္ထုပ္ပတ္တိမျိုးလည်း ကျွန်တော် မရေးလိုပါ။
သူနှင့်ပေါင်းသင်းမိ၍ သူ့အကြောင်းကို သိသမျှထဲမှ သူ့လို ငွေကို သုံးဖြုန်းမကုန်နိုင်လောက်အောင် ကျိကျိတက် ချမ်းသာသူတစ်ယောက်၏ဖြစ်ထွေကို ကျွန်တာ် ဆင်ခြင်သုံးသပ်မိသမျှ ဖော်ပြမည်ဖြစ်ပါသည်။
* * *
ရန်ကုန် ပြည်လမ်း၊ မရမ်းကုန်း တရုတ်ဟိုတယ်ကြီးတစ်ခု၌ ထိုနေ့အဖို့ ကျွန်တော်တို့၏ အလျှံပယ် ညစာ စားပွဲကြီးကား ပြီးဆုံးပါပြီ။ အားလုံးပင် နောက်ထပ် မစားနိုင်သည် မသောက်နိုင်သည်အထိ ရောက်ကြချေပြီ။ မကုန်သေးသော ဟင်းမျိုးစုံတွေ ရှိနေသေးသော်လည်း လူတွေမှာ မတွယ်နိုင်တော့ပြီ။ အချို့ သွားကြားထိုးကြပြီ။ အချို့ ခေါင်းငိုက်စိုက်ကျနေပြီ။ အချို့ နှစ်ယောက်တစ်တွဲ လေပန်းနေကြပြီ။ ဤကား ကိုမြမောင်၏ ထမင်းပွဲထုံးစံပင်။
ထိုနေ့က လူရှစ်ယောက် ည(၈)နာရီကျော်ကတည်းက စတင်စားသောက်လိုက်ကြ၍ (၁၁)နာရီကျော်ကျော်၌ ပြီးဆုံးသည်ဖြစ်ရာ ဝီစကီဘယ်နှစ်လုံး၊ ဆော်ဒါဘယ်နှပုလင်း၊ ဟင်းဘယ်နှစ်မျိုး၊ အဖိုး ဘယ်လောက် ဆိုသည်ကို ဟိုတယ်တရုတ်များသာ သိကြပေသည်။ ကိုမြမောင်သည် စာရင်းအင်းကို သေချာစွာ ကြည့်လေ့မရှိပေ။ လူလည်းမူးနေပြီ။ လက်မှတ်သာ ထိုးပစ်တတ်၏။ သူသည် စားသောက်ရန်အတွက်ကို ဘယ်တော့မှ အိတ်ထဲ ငွေဆောင်လေ့မရှိပေ။ ရန်ကုန်တစ်မြို့လုံးရှိ သူသွားနေကျ ဟိုတယ်တို့မှာ လက်မှတ်သာ ထိုးလေ့ရှိသည်။ နောက်မှ သူ့ငွေကို ရှင်း၊ သို့မဟုတ် လာတောင်းလျှင်ပေး။
ထိုညက တရုတ်က ဘီလ်လာပေး၍ သူ လက်မှတ်ထိုးသောအခါ ကျွန်တော်က…
"ကိုမြမောင် ခင်ဗျား ငွေပါမလာဘူးလားဗျ"
သူသည် မူးလျှင်ပြောတတ်သော ဆောင့်ဆောင့်အောင့်အောင့် အသံမျိုးဖြင့်…
"ငွေ.. ဘာလုပ်ဖို့လဲဗျ။ ခင်ဗျား ခု ဝအောင် စားသောက်ပြီးပြီပဲ မဟုတ်လား"
"ကျွန်တော် အသုံးလိုလို့ဗျ"
"ညကြီးမင်းကြီး ဘာသုံးဖို့လဲ"
"ခုည သုံးဖို့ မဟုတ်ပါဘူး။ နက်ဖြန်မနက်ကို ကျွန်တော် ပေါင်းတည် ပြန်မလို့ဗျာ။ အဖေ မမာပြန်ဘူး၊ စာလာတယ်။ အဲဒါ ခု အိမ်မှာလဲ ငွေမရှိဘူး"
"ကျွန်တော့်အိတ်ထဲ ပါမလာဘူး၊ ဟိုတယ်လိုက်ယူလေ"
သူသည် စထရင်းဟိုတယ်၌ နေသည်။
"ဘယ်လောက်လိုချင်လို့တုန်း"
စင်စစ်ဆိုလျှင် ကျွန်တော်သည် သူ့ဆီမှ တစ်ထောင်ထက် လျော့မတောင်းသင့်ချေ။ ခုတော့ ညကြီးမင်းကြီး ရုတ်တရက်ကြီးလည်းဖြစ်နေ၍
"သုံးရာကျပ်လောက် တော်ပါပြီဗျာ"
"အယ်.. ဒါဖြင့် ဟိုတယ် လိုက်မနေနဲ့တော့၊ ခင်ဗျား ပြန်ပို့နေရဦးမယ်" ဆိုပြီး ဆိုင်က တရုတ်အား ခေါ်၍ ငွေသုံးရာကျပ်တောင်းပြီး အခုန စားသောက်စာရင်း ဘီလ်ထဲမှ ယူငွေ သုံးရာကျပ်ဟု လက်မှတ်ထိုးလိုက်၏။
ထိုမှပြန်လာသောအခါ ကျွန်တော့်အိမ်မှာ ပြည်လမ်း၊ ခြောက်မိုင်တွင် အတွင်းနည်းနည်းကလေး ဝင်ရသည်ဖြစ်သောကြောင့် ရောက်ခါနီး၌ ထိုည ကျွန်တော်သည် နက်ဖြန် ခရီးသွားစရာရှိသည်မို့ သိပ်ပြီး မူးအောင် သောက်မထားသဖြင့်..
"ကိုမြမောင် ခင်ဗျား ကျွန်တော့်အိမ်ထိအောင် လိုက်မပို့နဲ့တော့၊ အထဲ ခင်းဗျားကားကြီး ကွေ့ရလှည့်ရ ခက်သနဲ့။ ကျွန်တော် လမ်းထိပ်ကပဲ ဆင်းသွားမယ်"
သူက လက်မခံချေ။
"အောင်မယ် မလုပ်ပါနဲ့ဗျာ၊ အရင်ကလို ခင်းဗျားမိန်မ ကျွန်တော့် ပြောဆိုထားပါဦးမယ်"
တစ်ကြိမ်က သူ့အား ကျွန်တော့်ဇနီးက ပြောစရာဖြစ်ခဲ့ဖူးသည်။ တစ်ည ရန်ကုန်မြို့လယ်ကောင် ဟိုတယ်ကြီးတစ်ခုမှ အထွက်တွင် ကျွန်တော်တို့ တော်တော်မူးနေကြသည်။ အထူးသဖြင့် ကိုမြမောင် ပိုမူးနေသည်။ ထို့ကြောင့် ကိုမြမောင်အား ကားမမောင်းရန် ပြောကြသည်။ ဤစကားသည် ကိုမြမောင်အဖို့ မခံနိုင်ဆုံး ကိစ္စတစ်ရပ်ဖြစ်ချေသည်။ သူ့အား မူးနေသည်၊ မမောင်းပါနှင့် ဆိုခြင်းသည် သူ့ကို စော်ကားတာပဲဟု မူးစိတ်နှင့် ယူဆသည်။ ထို့ကြောင့် ဆိုလေ ကဲလေ၊ မန်းလေပြဲလေဖြစ်ကာ ကားပေါ်မြန်မြန်တက်၍
"မလိုက်ဝံ့တဲ့လူ နေကြ၊ လိုက်ဝံ့တဲ့သူ တက်"
မည်သူမျှ မတက်ကြ။
ကျွန်တော်တစ်ယောက်ပဲ သူ့ဘေးတွင် ဝင်၍ ယှဉ်ထိုင်လိုက်သည်။ ကျွန်တော်လည်း ကားထွက်စတွင်သာ သတိရှိသည်။ လေအေးနှင့် တွေ့သောအခါ မေ့သွားလေသည်။ နောက်ပြန်သိသောအခါမှာ ရဲသားနှင့် အရပ်သားအချို့ ကျွန်တော်တို့ကို ဝိုင်းထားကြသည်။ ကားက ဓာတ်တိုင် ဦးခိုက်၍ ရပ်နေသည်။ ကိုမြမောင်နှင့် ကျွန်တော်က ကားပေါ်မှာ အိပ်ပျော်နေကြသည်။
ရဲသားက ကျွန်တာ်တို့အား နှိုး၍ နာမည်များကို မေးသည်။ မိုးကုတ် မြမောင်နှင့် စာရေးဆရာ သော်တာဆွေမှန်း သိသောအခါ စီးနေသော ကာကြီးကြည့်၍ မည်သို့ဆက်ဆံရမည်လဲ သိပေသည်။ အဖြစ်အပျက် ပြောပြသည်မှာ မျက်နှာချင်းဆိုင်လာသော ဂျစ်ကားတစ်စီးကို ရှောင်လိုက်ရာ အရှောင်လွန်၍ ပလက်ဖောင်းပေါ်ရောက်သွားပြီး ရပ်ထားသော ဆိုက်ကားတစ်စီးကို တိုက်သည်။ ထို့နောက် ဓာတ်တိုင် ဦးခိုက်ပြီး ကားစက်ရပ်သွားသည်။ ကျွန်တော်တို့ နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ အိပ်ပျော်နေကြသည်။ ဒါကို ဆိုက်ကားပိုင်ရှင်က လာတိုင်၍ သူလိုက်ခဲ့ရသည်။
ထိုအခါ ကိုမြမောင်က…
"ဆိုက်ကား ပျက်စီးသွားသလားဗျ"
ဆိုက်ကားဆရာက
"ဟာ ပျက်စီးပြီလားဗျ"
"ခင်ဗျား ဆိုက်ကား ဘယ်လောက်တန်သလဲ"
အနည်းငယ် စဉ်းစားနေပြီး
"ခြောက်ရာထက် မအောက်ဘူးဗျ"
"ကောင်းပြီ၊ မနက်ဖြန် စထရင်းဟိုတယ် လာခဲ့၊ မိုးကုတ်မြမောင်လို့မေး၊ ခင်ဗျား ငွေခြောက်ရာလာယူ"
သူ့ဆိုက်ကား ဘယ်လိုလဲ၊ ဘယ်လောက်ထိ ပျက်စီးသွားသလဲကို ကျွန်တော် ဘာမျှမသိချေ။ ဆိုက်ကားရှင်၏စိတ်ထဲမှာကား သည်လိုသာ တစ်ညတစ်ခါ သည်ကားမျိုး အတိုက်ခံနေရလျှင် ဘယ်လောက်ကောင်းမည်လဲ တွက်ဆပေမည်။
ထိုည၌ ကျွန်တော်တို့သည် ထိုရဲ၏အစောင့်အရှောက်နှင့်ပင် ထိုနေရာတွင် ကားပေါ်မှာ ပြန်လည်အိပ်ပျော်သွားကြသည်။ နံနက် မိုးစင်စင်လင်းမှ ကားကို မောင်းနိုင်၍ ကျွန်တော့်အိမ် ပြန်ရောက်ကြသည်။ ထိုအခါ ကျွန်တော့်မိန်းမက ဆူပါလေတော့သည်။
"ဘယ်နှယ့်တော်၊ အချိန်တန်လို့ ပြန်မရောက်တော့ မောင်တို့အမူးသမားတွေ ဂါတ်တဲပဲ ရောက်နေပလား၊ ဆေးရုံပဲရောက်နေပလား၊ သေပဲသေကုန်ကြပလားလို့ ဒီက တစ်ညလုံး အိပ်မပျော်ဘူးရှင့်။ ဂါတ်ကပဲ လာခေါ်မလား၊ ဆေးရုံကပဲ အကြောင်းကြားမလား၊ စိတ်ထဲ တထင့်ထင့်နဲ့”
ပြောမယ်ဆိုလည်း ပြောစရာ၊ ကျွန်တော်တို့မှာ အကြောင်းကြောင်းအရာရာတွေက ရှိခဲ့ဖူးပေသည်။ တစ်ခါတစ်ရံ ဒဏ်ရာတွေနှင့် ပြန်ရောက်လာတတ်သည်။ တစ်ခါတစ်ရံ ကိုယ်က တရားခံဖြစ်နေတတ်သည်။ ၁၉၅၉ ခုနှစ်တုန်းကလား၊ မိုးကုတ်မြမောင်နှင့် စာရေးဆရာသော်တာဆွေ ဟိုတယ်တွင် ရန်ဖြစ်မှု၊ တရားခံများအဖြစ်နှင့် သတင်းစာတွေထဲပင် ပါခဲ့ပေသည်။
ထို့ကြောင့် ကျွန်တော်တို့အပေါင်းအသင်းတစ်သိုက်က ကျွန်တော်တို့နှစ်ယောက်အား ”မူးလာလျှင် တရားလိုရှာရော ”ဟု ပြောစမှတ်ပြုကြသည်။ ထိုနေ့နံနက်က ကျွန်တော့်မိန်းမသည် ကျွန်တော်တို့နှစ်ယောက်အား တော်တော်ကြိမ်းပစ်ပါသည်။ ယင်းအချိန်မှာ ကျွန်တော်တို့နှစ်ယောက်သည် အမူးဒီဂရီကျနေသည်ဖြစ်ရာ လူတွေမှာလည်း စိတ်ဓာတ်ကျဆင်းနေပေသည်။ အရက်သမားတို့၏စွမ်းပကား အနိမ့်ဆုံးအခါဖြစ်၍ ကိုယ့်အလွန် ကိုယ့်အမှားကို ခေါင်းငုံ့ခံကြသည်။ အဲသည်တုန်းကများ ဝမ်းပက် တူးပက်လောက်များ ထပ်နှက်လိုက်ရ အမူးဒီရဂီပြန်တက်၍ အမူးတစ်ပတ်ရစ်ဖြင့် ငါ့သူငယ်ချင်းရှေ့ သည်လိုပြောရပါမည်လား ဟု မိန်းမကို နားသယ်ပါးလယ် ကျင်းပစ်လိုက်ပေမည်။
သို့သော် ကျွန်တော်တို့မှာ သနားစဖွယ် အားဆေးက မဲ့နေသည်ဖြစ်၍ နှစ်ယောက်သား အလျှော့ပေးရကာ ကိုမြမောင်က…
"နောက် ခင်ဗျားယောကျ်ားကို အချိန်မီ အိမ်တိုင်ရာရောက် ပြန်ပို့ပါ့မယ်" ဟု ကတိစကားထားခဲ့ရ၏။
ထို့ကြောင့် သူသည် သူနှင့်သောက်လျှင် ဘယ်သောအခါမဆို အိမ်တိုင်ရာရောက် လိုက်ပို့လေ့ရှိ၍ ယခုည ကျွန်တော်က လမ်းထိပ်က ဆင်းသွားပါမည်ဆိုတာကို လက်မခံဘဲ ကျွန်တော့်အိမ်အရောက် လိုက်ပို့ပြီး…
"ဟောဒီမှာ ဒေါ်မေ၊ ခင်ဗျားယောက်ျားကို ကောင်းကောင်းမွန်မွန် လာပို့ထားခဲ့ပြီးဗျို့" ဟု အော် ပြီး ကားထွက်သွားတော့၏။
* * *
နောက်တစ်နေ့ညနေ ကျွန်တော် ပေါင်းတည်ဘူတာသို့ ရောက်သောအခါ ကျွန်တော့်ယောက်ဖ လာကြိုနေပေသည်။
"ငါ့စက်ထဲ စပါးချရင်း လာတာကွ၊ အပြန်မှာ လယ်ထဲချဖို့ ဖွဲတင်ထားတယ်၊ မင်း ငါ့ဖွဲလှည်းနဲ့ လိုက်မလား၊ မြင်းလှည်းနဲ့သွားမလား"
ကျွန်တော်တို့ရွာမှာ မြို့မှ သုံးမိုင် သွားရသေးသည်။
"ဟာ…. လမ်းကြမ်းကြမ်း၊ မြင်းရထား သိပ်ဆောင့်တယ်ဗျာ။ နေက အေးပြီပဲ၊ ကိုစံတင် ဖွဲလှည်းနဲ့ပဲ လိုက်ခဲ့တော့မယ်"
သို့ဖြင့် ကျွန်တော်သည် မစီးရတာ ကြာပြီဖြစ်သော ဂေါ်ကာဘဲလ်အဲယားဖြင့် ရွာသို့ ယွန်းခဲ့သည်။
အိမ်ရောက်သော် သက်ကြီးရောဂါနာတာရှည်ဖြစ်သော အဖေအား ခေတ္တ မေးစမ်း ပြောဆိုပြီး ကျွန်တော် သောက်ချိန် နီးပြီဖြစ်ရကား ရွာရှိ သောက်ဖော်များအိမ်သို့ လစ်ခဲ့တော့သည်။
ရွာတွင် ကျွန်တော်၏အရက်အဝယ်တော် ကိုမောင်ခိုသည် ကျွန်တော်ရောက်သည်ကြား၍ အသင့်စောင့်နေသည်။ သူ့အား ငွေဆယ်တန် တစ်ရွက် ဖျတ်ခနဲ ဆွဲထုတ်ပေးလိုက်သည်။
"တစ်ဆယ်ဖိုး ငါးလုံးကြီး တစ်ခါတည်း ယူခဲ့ရမှာလား"
"ယူခဲ့ပေါ့ဗျာ၊ အရက်များတာ မှားတာမှတ်လို့"
ကျုပ်တို့ရွာတွင် အရက်တစ်ဆယ်ဖိုးကြီး တစ်ခါတည်းဝယ်တဲ့လူ နှယ်နှယ်ရရမှတ်လို့။
ထို့နောက် ကျွန်တော်၏သောက်အိမ် ဦးထွန်းစိန်အိမ်သို့ သွားသည်။ ဦးထွန်းစိန်သည် သောက်သောက်စားစား ကာလသားကြီး ဖြစ်သည်။ (ယခုကား ကွယ်လွန်ခဲ့ပြီ။ သူ့အကြောင်း"လူတစ်ယောက်အကြောင်း" ဝတ္ထုရေးခဲ့ပြီ)။ သူသည် အရက်နှင့်မြည်းရန် ကတ်သီးကတ်သတ် စားစရာလေးများကို ကြံဖန်လုပ်တတ်သူ ဖြစ်သည်။
သူသည် ကျွန်တော့်အသံကြားသော် သူ၏မှုန်မွှားသော မျက်စိဖြင့် နဖူးပေါ် လက်ဝါးအုပ်ကြည့်၍…
"ဟေ့..ဘိုကျင်… မင်းရောက်လာပလား၊ ငါ့လခွီး… ဒီနေ့မြည်းစရာတော့ ထူးထူးထွေထွေ မရှိဘူးဟေ့၊ ဘိုခို ချောင်းထဲက ကောက်လာတဲ့ ခရုဖင်ချွန်လေးတွေ ပြုတ်ပြီး ခွေးတောက်ရွက် အုပ်ထားလိုက်တယ်၊ အရက်သောက် အနှစ်စုတ်ပေါ့ကွာ"
"ဟာ … ဒီထက် ထူးထွေနိုင်ဦးမလား ဦးထွန်းစိန်ရ"
"ကြက်ကလေး ကြော်လိုက်ရ ကောင်းဦးမလား"
"ဟာ… မလုပ်နဲ့တော့၊ ကျွန်တော် အဆီအဆိမ့်တွေ မစားချင်တော့ဘူး၊ အချဉ် ဘာရှိလဲ"
"မရမ်းသီး ရှိတယ်ဟေ့၊ ဟုတ်ပြီ၊ အဲဒါ ငါးပိစိမ်းစားလေးနဲ့ လေးစိတ်ကွဲ ထောင်းလိုက်မယ်"
မကြာမီ ကိုမောင်ခို ရောက်လာသည်ဖြစ်၍ အမြည်းက ခရုဖင်ရှည်၊ ခွေးတောက်ရွက်ပြုတ်၊ မရမ်သီး လေးစိတ်ကွဲ ထောင်းကလေးနှင့် ကျွန်တော်တို့ ချက်ဝိုင်းကလေးကို စဉ်းစားကြည့်ပါဘိ။
ရန်ကုန်မြို့တွင် ခရုခေါက်ဆွဲခေါ်သော ခေါက်ဆွဲကြော်ပေါ်မှာ ပြည်ကြီးမှလာသော သံဘူးဖြင့် မီးခိုးနံ့သင်းထားသည့် အရည်ကလေးစပ်စပ်နှင့် ခရုကလေးတစ်ဇွန်းလောက် ဆမ်းပေးလိုက်သည်။ ကျွန်တော်တို့က ဤခရုမျိုးမဟုတ်။ လက်ရေတစ်ပြင်တည်းဆိုဘိသို့ သောက်ရေတစ်ခွက်တည်း ဖြစ်သည်။ မြန်မာ့ရှေးရိုးစဉ်လာ။
ကျွန်တော်သည် ဤသို့တောသားများနှင့် ဤသို့တောဂေဟာတွင် တောသောက်သောက်ရင်း ညက ရန်ကုန်မြို့ ဟိုတယ်ကြီးများတွင် မြို့သားများနှင့် မြို့သောက်သောက်ခဲ့ပုံကို ပြောပြသည်။
"ဟေ့ မင်းတို့ သောက်တဲ့အရက်က တစ်ပုလင်း ဘယ်လောက်လဲကွ"
"ခြောက်ဆယ့်ငါးကျပ်"
ကိုမောင်ခို မျက်လုံးပြူးလျက်…
"ဝက်ပေါက်ကလေး တစ်ကောင်ဖိုးပါလား"
"ခင်ဗျားဝက်ပေါက်က ပေါ်လိုက်ရင် အချိန်ဘယ်လောက်ထွက်လဲ"
"တစ်ဆယ် ဆယ့်ငါးကြားပေါ့ကွာ"
"ဟင် ညက ကျွန်တော်တို့ စားခဲ့တဲ့ ဝက်ကလေးကောင်လုံးကြော်ဟာ တစ်ရာ့နှစ်ဆယ်ကျပ် ပေးခဲ့ရတယ် ခင်ဗျ"
"ဘယ်လောက်ကြီးလဲ"
"အရှင် ဖမ်းချိန်ရင် သုံးလေးပိဿာ ရှိတော့မပေါ့ဗျာ၊ နို့စို့ ဝက်ကလေးပဲ"
"ဟာ…. မင်းတို့က အစားတယ်ရက်စက်ကြပါလား..ဟ"
"ဒါက ခင်ဗျားကို ဟင်းတစ်မည်တည်း ပြောသေးတာ၊ ဒိပြင် အပုံကြီးရှိသေး"
"အေး… ထားပါတော့ကွာ၊ ကဲ.. မင်းတို့ အဲဒီတစ်ည တစ်နပ်စာ စားကြသောက်ကြတာ ဘယ်လောက်ကုန်မလဲ"
ကျွန်တော်လည်း အတိအကျမသိ၍ ခန့်မှန်းခြေကို ပြောလိုက်ရာ ကိုမောင်ခိုသည် အလန့်တကြား အော်လျက်…
"အောင်မလေးလေး ပထမတန်းစား နွားတစ်ရှဉ်းဖိုးလောက်ကြီးပါလားဟ၊ ဒီမယ် ငါ့မှာကွာ၊ နွား တစ်ဖက်တည်း ဖြစ်နေတာ သုံးနှစ်ရှိပြီ၊ တစ်ရှဉ်းပြည့်အောင် ဖြည့်မယ်နဲ့ဟာ မင်းလူ ခေါ်ခဲ့စမ်းကွာ၊ ငါ့နွားတစ်ကောင်ဖိုးလောက် တောင်းချင်လို့"
"သူ….ဒီရွာ.. ကျွန်တော်နဲ့ ရောက်ဖူးသားပဲဗျ"
"အေး … ဒါဖြင့် တို့နဲ့ ဘာလို့ မတွေ့လိုက်ရတုံး"
"အဲဒီတုန်းက ပေါင်းတည်စွယ်တော်ရက်ကြီး၊ ခင်ဗျားနဲ့ ကျွန်တော်နဲ့တောင် မတွေ့လိုက်ရဘူး မဟုတ်လား၊ ညကြီးမင်းကြီး ပြန်သွားရတာ၊ အဖြစ်က.. .ဒီလို" ဟု ဆိုပြီး ကိုမြမောင်အကြောင်း နောက်ကြောင်း ပြန်ရှင်းပြလိုက်ရသေးသည်။
(၁၉၆၂)ခုနှစ်၊ တော်သလင်းလဆန်း (၁၃) ရက်၊ နှစ်စဉ် ပေါင်းတည်စွယ်တော်လှည့်ပွဲရက်၊ နံနက် ၉း၀၀ နာရီခန့်။ ကိုမြမောင်နှင့် အပေါင်းပါတွေ ကားနှစ်စီးနှင့် ကျွန်တော့်အိမ်ရှေ့ ရောက်လာကြပြီး သူတို့အားလုံး ပစ်ကတ်တစ်ပတ်ရစ်တွေဖြင့်…
"ကိုဆွေ လာလာ၊ ဘာအလုပ်ရှိရှိ ထားခဲ့၊ အဝတ်တောင် လဲမနေနဲ့ ကြာတယ်၊ ကျုပ်တို့ကို ပေါင်းတည်စွယ်တော်လှည့်ပွဲ လိုက်ပို့"
သို့ဖြင့် ကျွန်တော် ကားပေါ်တက်ခဲ့၍ နေ့လယ်သုံးနာရီလောက် ပေါင်းတည်မြို့ထဲ ရောက်ခဲ့ကြသည်။
စွယ်တော်လှည့်ပွဲကို ကြည့်ရှုပြီးနောက် လူနှစ်စုခွဲကြသည်။ တစ်စုက မြို့ပေါ်တွင် ဘုရားလူကြီး ဦးကိုကိုကြီး သား ကိုဝင်းလှိုင်ဆီမှာ တည်းကြမည်။ ကိုမြမောင်နှင့်ကိုတင်မောင် ညီအစ်ကိုက ကျွန်တော့်ရွာ ကျွန်တော့်ဂေဟာသို့ ရောက်ဖူးအောင် လိုက်ကြမည်။
သို့ဖြင့် ညနေ ၆ နာရီ လောက်မှာ ကျွန်တော်တို့ရွာ ရောက်ကြသည်။ ထိုအချိန်တွင် ကျွန်တော်တို့ရွာ လှည်းလမ်းမပေါက်သေး၍ ကိုမြမောင်၏မာစီးဒီးကားကြီး တာလမ်းဘေးရှိ ကျွန်တော့်ဆွေမျိုးအိမ်တွင် ထားခဲ့ပြီး ရွာထဲ ဖိနပ်ချွတ်၍ ဝင်ခဲ့ကြရသည်။
ကျွန်တော်တို့သည် မြို့ပေါ်မှ ဘာမျှစားစရာများ ဝယ်မလာခဲ့ကြပေ။ အိမ်ရှိကြက်ကို ကာလသား ချက်စားကြမည်ဟု ရည်ရွယ်ချက်ရှိခဲ့ရာ အဆင်သင့်ပင် ကျွန်တော့်အိမ်မှာ တော်သလင်း တွင်းအောင်း ကြွက်သားကြီးတွေ ဆီပြန်ချက်ထားသည်နှင့် ကြုံလေသည်။ သို့ဖြင့် အစားအတွက် ကျွန်တော်တို့အဖို့ တောဟင်း တောချက် ခံတွင်းအပြောင်းအလဲ အဆင်ပြေသွားလေသည်။
သို့သော် ညအိပ်သောအခါ ကိုမြမောင်အတွက် အခက်တွေ့လေပြီ။ သူသည် ရန်ကုန်မှာ စထရင်းဟိုတယ်တွင် လေအေးစက်နှင့် အခန်းမှာ နေသည်။ မန္တလေးရှိ သူ့တိုက်မှာလည်း သူ့အခန်းတွင် လေအေးစက်နှင့် ဖြစ်၏။ သူနေသော အခန်းတွေမှာ ခြင်ယင်မျှ မဝင်နိုင်သည်ဖြစ်၍ အိပ်ရာတွင် ခြင်ထောင်မရှိပေ။
ယခု ကျွန်တော်တို့အိမ်ကား သွပ်မိုးပျဉ်ထောင်။ တောရွာဓလေ့ ညအချိန်မှာ တံခါးတွေ အလုံ ပိတ်ရသည်။ အခါရာသီကလည်း တော်သလင်းနေ ပုဇွန်သေ။ ခြင်တွေကလည်း တဝီးဝီး၊ ခြင်ထောင်ကလည်း ရွာရက် ဇာဖျင်ကြမ်းကြီး။ ကိုမြမောင်အဖို့ လှလှကြီး ဒုက္ခတွေ့လေပြီ။ သူသည် အားနာပြီး အတော်ကြာ အောင့်အည်းနေသေး၏။ နောက်ဆုံး၌ မတတ်သာပြီ။
"ကိုဆွေ.. ခုည ပြန်စို့ဗျာ" ဟု စတင်ပြောတော့၏။
ကျွန်တော်ကလည်း ပြန်ချင်နေပေသည်။ သို့သော် အိမ်ရှင်အနေနှင့် ပြောမကောင်း၍ ....။
သို့ဖြင့် ကျွန်တော်တို့သည် ၉ နာရီလောက်ကြီး ရွာမှ ထွက်ခဲ့ကြ၍ ညတွင်းချင်း ရန်ကုန်သို့ ပြန်ခဲ့ကြတော့၏။
"ငါ့လခွီး…. ဒါဖြင့် မင့်လူက တယ်ပြီး နေရာရွေးတဲ့လူပါလားဟ"
ကျွန်တော့်စကားအဆုံး၌ ဦးထွန်းစိန်က မှတ်ချက်ချ၍ ကျွန်တော်က
"နေရာတင်မဟုတ်ဘူး၊ အစားအသောက်လဲ သိပ်ရွေးတယ်၊ ဝီစကီလဲ ထိပ်တန်းမှ သောက်လို့ဖြစ်တယ်"
"ဝီစကီ ဆိုတာ ဘာလဲဟ၊ ရန်ကုန် တို့လာတုန်းက ဟိုတယ်မှာ မင်း တို့ကို တိုက်တဲ့ဟာမျိုးလား"
"မဟုတ်ဘူး၊ အဲဒါက ရမ်။ ဝီစကီက ရမ်ထက် လေး ငါးဆ အဖိုးတန်တယ်"
"ဟာ.. ဒါဖြင့် သိပ်ကောင်းလို့ပေါ့"
"ဒါပေမယ့်… ဦးထွန်းစိန်တို့တော့ ကြိုက်မှာမဟုတ်ဘူး၊ ရမ်တောင် မကြိုက်တာပဲ"
ကိုမြမောင်အကြောင်း ရေးရင်း သူတို့အကြောင်းလည်း ပြောရဦးမည်။ တစ်ကြိမ်သောအခါ၌ ဦးထွန်းစိန်နှင့် ကိုမောင်ခိုသည် အသွားအပြန် စရိတ်ခံပါမည်ဟု ကျွန်တော့်၏ပင့်ဖိတ်ချက်ဖြင့် ရန်ကုန်သို့ ရောက်လာကြသည်။ ပထမ သူတို့ အာသီသထားကြသော ဘုရားတွေအစုံ လိုက်ပို့ပြီးနောက် ညနေစောင်းမှာ (ထိုစဉ်က ကျွန်တော့်စားကျက်) တာဝှာဟိုတယ်သို့ ခေါ်ခဲ့သည်။
မြည်းစရာတွေ တော်တော်များများ မှာပြီး ရမ်ပုလင်းတစ်လုံးထောင်၍ ထိုစဉ်က ဟိုတယ်ထုံးစံအတိုင်း ဘွိုင်တစ်ယောက်ကို အနားထားပြီး ပြုစုစေသည်။ ဘွိုင်က လိုသမျှ ယူပေးရသည်။ အရက်ငှဲ့ပေးရသည်။ ရေခဲ ဆော်ဒါ ထည့်ပေးရသည်။ စီးကရက် ထုတ်လိုက်လျှင် မီးခြစ်ပြီး ညှိပေးရသည်။ ဒါတွေကို ပြချင်လို့ပဲ ကျွန်တော် သူတို့အား ဟိုတယ်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ဘွိုင်ထည့်ပေးသည့်အတိုင်း အရက်သုံးခွက်စီလောက် သောက်ပြီးနောက် ဦးထွန်းစိန်က စတင်၍ "ငါ့လခွီး… မင့်ဟာကြီးသောက်ရတာက ဖျော်ရည်သောက်ရသလိုပါပဲလားဟ"
ကိုမောင်ခိုက…. "အေးကွာ… ဟုတ်တယ်၊ ဟောဒီ အဖြူရေနဲ့ ရေခဲမပါဘဲ အနီချည်း မသောက်ရဘူးလား"
ကျွန်တော်ရယ်မိ၍…
"ဟာ… သောက်ရပါတယ်၊ ဟေ့.. ဘွိုင် ရမ်ချည်း? ဝမ်းပက်စီလောက် ထည့်ပေးလိုက်စမ်းပါကွာ"
သူတို့သည် သည်အတိုင်း မော့ချလိုက်ကြပြီးမှ မျက်နှာမရှုံ့ဘဲ…"အင်း.. ဒီလိုဆို တော်တော်ရှိသေး၊ ဒါပေမယ့် တို့ဆီက ချက်အရက်လောက် မကြိုက်ပေါင်ကွာ၊ ဒီဆိုင်မှာက ချက်အရက် မရောင်းဘူးလား"
"ချက်အရက်နဲ့ တူတာတော့ရှိတယ်၊ သောက်ကြည့်ကြပေါ့" ဟု ဆိုပြီး ဘွိုင်အား ဂျင် ဝမ်းပက်စီ ယူခိုင်းလိုက်သည်။ သူတို့သည် ဂျင်ကို သောက်ပြီးနောက် မှတ်ချက်ချကြပြန်သည်။
"အဝင်တော့ တော်သားဟေ့၊ ရင်ထဲ ပူဆင်းသွားတယ်။ ဒါပေမယ့် ရေမွှေးစော်ကြီး နံတယ်ကွာ၊ အရက်နဲ မတူဘူး။ အဲဒါ ခု.. တို့သောက်တဲ့တစ်ခွက် ဘယ်လောက်ပေးရမလဲ"
"နှစ်ကျပ်ခွဲ.. ဒရိုင်းဂေါ်ဒွင်ဂျင်"
ဦးထွန်းစိန်သည် ရင်ဘတ်ထု၍…
"ဟာ.. ငါ့လခွီးတဲ့၊ တစ်ပုလင်းလောက် ဝယ်သွားမလား အောက်မေ့တယ်"
ကိုမောင်ခိုက..
"ရွာက ညီပု ထန်းလျက်အရက် မီးတောက်နှစ်ကျပ်ခွဲ သောက်တော့မှာပေါ့ဗျ"
ဦးထွန်းစိန်က…
"အေးလေကွယ်.. ဒါက ညီပုအရက်လောက်တော့လာသား၊ ဈေးချင်းတူမလားလို့ မေးကြည့်တာ"
"ဟင်.. သူတို့ဆီက ဘာမှမဟုတ်လဲ ဟိုတယ်မှာဆိုတော့ ဟိုတယ်ဈေးတွေ ကြီးနေတာပေါ့ဗျာ"ဟု ကိုမောင်ခိုက နောက်ဆုံးမှတ်ချက်ချလိုက်၏။
မှန်ပါသည်။ ချက်အရက်သောက်နေသူများသည် ချက်အရက်ကလွှဲလျှင် သူတို့ပါးစပ် ဘာမှ မတိုးတော့ပြီ။
* * *
ကျွန်တော်သည် စိတ်ကျေနပ်လောက်အောင် တစ်ပတ်မျှ ရွာတွင်နေပြီး ရန်ကုန်သို့ပြန်ခဲ့၏။ နေအိမ်သို့ ညနေ ၄ နာရီလောက်ရောက်၍ နောက်တစ်နေ့နံနက် လှည်းတန်းဈေးက ဈေးဝယ် အပြန် ကမာရွတ် ဂါတ်အနီးရှိ တယ်လီဖုန်းမှ စထရင်းဟိုတယ်သို့ ကိုမြမောင် ရှိ မရှိ ဖုန်းဆက် မေးကြည့်၏။
ကိုမြမောင်သည် မန္တလေးနှင့် ရန်ကုန်ကို သွားချင်တဲ့အချိန်သွား၊ ပြန်ချင်တဲ့အချိန်ပြန်၊ ကူးဂလန်ခတ်နေသူ ဖြစ်၏။ မန္တလေး ဒါးတန်းရေခဲစက်နှင့် ဘိလပ်ရည်စက်မှာ သူတို့ဟာဖြစ်၏။ ရန်ကုန်ခြောက်မိုင်ခွဲတွင် သူ့တိုက်တစ်လုံးရှိ၏။ နိုင်ငံခြားသားတွေငှားလျှင် တစ်လ ၁၅၀၀ ကျပ်ရ၏။ သို့သော် သူငှားလိုမှ ငှား၏။ အိမ်က အားနေသော်လည်း ဒရဝမ်နှင့်မာလီသာ ထား၍ သူက ထိုအိမ်၌ နေလေ့မရှိ။ စထရင်းဟိုတယ်မှာသာ တစ်နေ့ ၆၀ ကျော်(အစားမပါ) ပေး၍ နေ၏။ ကျွန်တော်နှင့် စတင်သိသောအချိန်မှာ မိန်းမရှိ လူပျိုကြီးလို နေ၏။
ထိုနေ့ နံနက်က စထရင်းဟိုတယ်တွင် သူရှိကြောင်းသိရ၍ ကျွန်တော် ကိုးနာရီလောက် သူ့အခန်း ရောက်သွားသောအခါ သူ့လက်စွဲတော်အပြင် အခြားလူနှစ်ဦး ရောက်နေချေပြီ။
"ကဲ.. ဒီနေ့ မနက်စာ ဘယ်ဟိုတယ်မှာ စားကြမလဲ" ဟု မေးမြဲ။
ယခုကား သူကပင် စတင်၍….
"ကဲ… ဒီမနက်တော့ မီးရထားဟိုတယ်မှာပဲ စားကြမယ်ဗျာ၊ အဲဒီမှာ မစားရတာလဲ တော်တော် ကြာပြီ၊ ဘယ့်နှယ်လဲ ကိုဆွေ"
ဟိုတယ်ဟင်း ခံတွင်း မတွေ့လေလျှင် ဗရစ်ဗတောက် ပြောတတ်သော ကျွန်တော့်အား မေး၏။
"ကောင်းပါတယ်ဗျာ.. မီးရထားဟိုတယ်က အဘေလုံးဟင်းချိုကို ကျွန်တော် တော်တော် ကြိုက်တယ်"
ကိုမြမောင် သည် အစားအသောက် အကျေွးအမွေး၌ ရက်ရောသူဖြစ်သည်။ ဘယ်အခါမဆို သူနှင့် ပါသွားသူတို့အား ကိုယ်ကြိုက်တဲ့ဟာ ကိုယ်မှာစားကြ၊ ကြိုက်ရာအရက်ကို သောက်။
ထိုနေ့ နံနက်စာကို ကျွန်တော်တို့ခြောက်ယောက် မီးရထားဟိုတယ်မျာ ဆယ့်တစ်နာရီလောက် ကစ၍ စားကြသည်။ ခေါ်ထားသော ကောင်မလေးများလည်း ဟိုတယ်အပေါ်ထပ်အခန်းထဲမှာ သူလိုရာ မှာ စားစေသည်။
ဆယ့်နှစ်နာရီခွဲလောက် ကျွန်တော်တို့ စားသောက်ပြီးကြသောအခါ ကိုမြမောင်က "ကဲကိုဆွေ.. ခင်ဗျား အိမ် ပြန်ပို့ရမလား၊ ကျွန်တော့်အခန်းမှာပဲ နေဦးမလား"
"အိမ် မှာ အိုက်တယ်ဗျာ၊ ခင်ဗျား အခန်း ထဲမှာပဲ အောင်းနေဦးမယ် ညစာစားပြီးမှ ပြန်မယ်"
ကျွန်တော် ဟိုတယ်စာ နှင့် ဝေးခဲ့တာ တစ်ပတ်ရှိခဲ့ပြီမဟုတ်ပါလား။ ထို့ကြောင့် ညစာကို မီးရထား ဟိုတယ် ထက် ကောင်းသောဟိုတယ်မှာ စားချင်သေးသည်။
သူ့ လက်စွဲတော် အား ကျွန်တော့်ကို စထရင်းဟိုတယ်သို့ သူ့ကားနှင့် လိုက်ပို့စေ၏။ ကျွန်တော် သည် သူဌေးမင်း စည်းစိမ်ဖြင့် ကိုမြမောင် အခန်းအောင်းရင်း ကိုမြမောင် အကြောင်းကို စဉ်းစား သည်။
ကျွန်တော်တို့အရပ် မှာ ပြောလေ့ပြောထ ရှိကြသည်။
"ဟဲ့.. ငွေကို ထွင်းထဲက နှိုက်ရတယ်များ အောက်မေ့နေသလား"
"ငွေကို ရေလိုသုံးတဲ့လူပဲဟေ့"
ဤစကားနှစ်ရပ်သည် ကိုမြမောင်နှင့် လားလားမျှ မအပ်စပ်ပါချေ။ ချမ်းသာသည်ဖြစ်၍ ငွေကို တွင်းထဲက နှိုက် ယူသည် မဟုတ်ပါလား။
ကိုမြမောင် သည် မိုးကုတ်သား။ သူ့မိဘများက ပတ္တမြားတွင်းဖြင့် ချမ်းသာသည်ဖြစ်၍ ငွေကို တွင်းထဲက နှိုက် ယူသည် မဟုတ်ပါလား။
ကိုမြမောင် အား ငွေကိုရေလိုသုံးတဲ့လူပဲဆိုလျှင် "ဒရယ်၊ ယုန်၊ ကြောင်၊ တွေ့တိုင်းအောင်သည်။ တောတောင် သနင်း ခြငေ်္သ့မင်း"ဆိုဘိသကဲ့ သို့ ဟိနတ္တဒေသ သင့်ချေမည်။ ကျွန်နုပ်တို့သည် ရေကို သုံးရန် ယူငင်ရသေးသည်။ သိုလှောင် ရသေးသည်။ ခွက်ဖြင့် ခပ်ရသေးသည် မဟုတ် ပါလား။
ကိုမြမောင် က ငွေကို ရှာဖွေစရာလည်း မလို၊ သိုလှောင်စရာလည်းမလို။ ယူငင်စရာလည်း မလို ရောက်လေ ရာရာမှာ သူလက်မှတ် ထိုးလိုက်ရုံဖြင့် ပြီး၏။ သို့မဟုတ် တယ်လီဖုန်းပြောလိုက်ရုံ နှင့် သူလိုချင်သော ငွေ ရှေ့သို့ ရောက်လာရ၏။
စင်စစ် သူငွေသုံးပုံမှာ ကျွန်တော်တို့ လေကို သုံးသကဲ့သို့ ဖြစ်နေပါသည်။. ထို့ကြောင့် ကျွန်တော်တို့က သူ့အား ငွေကို လေလို သုံးတဲ့လူဟု တင်စားခြင်းဖြစ်ပါ၏။
သူသည် မော်တော်ကား ကို အလဲလဲထား၍ အမျိုးမျိုးစီးရန်ဝါသနာ ပါ၏။ မော်တော်ကားကို ကလေး ကစား စရာ ဝယ်သလိုဝယ်၏။ မကြိုက်မနှစ်သက်တော့လျှင်လည်း ကလေးကစားစရာ လွှင့်ပစ်သလို လွှင့်ပစ် တတ်၏။
တစ်ကြိမ်သောအခါ သူ့တွင် ရန်ကုန်မှာစီးသော (ဃ-၃၅၀၀)ပစ်ကတ်ကားကြီး ရှိနေ၏။ အမြင် မှာ အင်မတန် ကြီးကျယ်ပါပေသည်။ ခန့်ထည်ပါပေသည်။ ကိုယ်ထည် အထိန်းရှိ၍ ချိုင့်ပက် တက်နင်းလို့မှ ဆောင့်ခြင်း၊ ခုန်ခြင်း မရှိပါပေ။ ကျွန်တော်ကား သူနှင့် သည်ကားကြီး စီးရတာ အလွန်နှစ်သတ်၏။
သို့သော် သူသည် ထိုကားကြီးကို ငြီးမွေ့ လာသည်ဟု ပြောသည်။ ဒါကြီး စီးရတာ တုံးတယ် ဟု ဆိုသည်။ ဒါနှင့် သူသည် တခြားကားတစ်စီး ဝယ်မည်ဟု ရှာဖွေစေပြီးနောက် ထို့နေ့၌ ထိုကားကြီးကို သူ့မိတ်ဆွေ တစ်ယောက်အား အလကား ပေးပစ်လိုက်တော့၏။။
ဤကားကြီး သူတည်းသော စထရင်းဟိုတယ်နံဘေးမှ ထွက်သွားပြီး မကြာမီ သူနောက်ထပ် ဝယ်မည့် မာစီဒီဘင့် ကားကြီး တစ်စီး ပွဲစားနှစ်ဦးဖြင့် ရောက်လာ၍ သူနှင့်ကျွန်တော်သည် မြို့ လုံးပတ်လည် လျှေက်စီး ကြည့်လိုက်ကြ၏။
ကျွန်တော့်အား "ကိုဆွေ ဘယ့်နှယ်လဲ" ဟု မေး၏။
ကျွန်တော် ဘယ့်နှယ်ပြောတတ်ပါ့မလဲ စာရှုသူရယ်။ သူ့အရာ သူသာသိပေမည် မဟုတ်ပါ လား။
သူ နှစ်သက်၍ ဟိုတယ်ပြန်ပြီး ဈေးဆိုကြသောအခါ ရောင်းသူများက တစ်သိန်း စဆို၏။
ကိုမြမောင် က ကိုးသောင်းပေး၏။
ရောင်းသူများက ကိုးသောင်းငါးထောင်။
ကိုမြမောင် က…
"ကျုပ် တစ်ခွန် းပဲ ပြောတတ်တယ်"
ရောင်းသူများကလည်း ခေါင်းမာစွာပင် ကိုးသောင်းငါးထောင် မျှမရလျှင် ဘယ်နည်းနှင့်မျှ မရောင်းနိုင်ပါဟု ဆိုပြီး ပြန်သွားကြ၏။
ကိုမြမောင်လည်း ငွေငါးထောင်ကို အရေးလုပ်၍မဟုတ်ပေ။ သူ့စကားတစ်ခွန်းပဲဟု တောင့်ခံ လိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုနေ့၌ သူနှင့်ကျွန်တော်သည် ကားမရှိတော့သဖြင့် အခြင်းအပြင်သို့ မထွက်ကြတော့ ဘဲ ညနေ ရောက်သောအခါ၌ စထရင်းဟိ်ုတယ်မှာပဲ သောက်ကြ၏။
အရက် သောက်ရာတွင် ကျွန်တော်သည် စထရင်းဟိုတယ်မှာ မကြိုက်ဆုံးဖြစ်လေ၏။ ပုလင်း လိုက် တောင်း မရ၊ တစ်ခါပေး ဟတ်ပက်၊ ဟတ်ပက်ကို ဘီလ်တွေက တစ်ခါပေးတိုင်း တစ်ခါ ရေး၍ လင်ပန်း ပေါ်မှာ ပါလာ၏။
နောက်ပြီး အစား ကလည်း (ထိုစဉ်က) ဥရောပစာသာဖြစ်၍ ကျွန်တော်တို့ မနှစ်သက်။ ကိုမြမောင်က ကျွန်တော့် မျက်နှာ အကဲခတ်၍ တစ်နေ့တလေ သည်းခံစားသောက်ပါဗျာဟု ပြော၏။ သို့ဖြင့် ကျွန်တော် ရောသူရော မူး ၍ ကျွန်တော်အိမ်ပြန်ခိျန်ရောက်သောအခါ ကိုမြမောင် က…ဒီ ညတော့ ကျွန်တော် ကားမရှိလို့ လိုက်မပို့ နိုင်ဘူး ဟော်တယ် က တက်စီ နဲ့သာပြန်ပေတော့ ဟုပြောသည်။
"ဟာ… တက္ကစီကားက နံပါတ်နီနီကြီးနဲ့ မစီးချင်ဘူးဗျာ"
ကျွန်တော်က မူး၍ ထုံးစံအတိုင်း ဂျီတိုက်လာ၏။
"နို့ ဘာနဲ့ပြန်မတုံး"
"ဘတ်စ်ကားနဲ့ပဲ ပြန်တော့မယ်"
မျက်ထောင့်နီကာ….
"ဟာ… ခင်ဗျားသက်သက် ကျွန်တော့်ခွလုပ်ပြီဗျာ"
"ဟုတ်ပါဘူး၊ ကျွန်တော်က အကောင်းပြောတာပါ၊ စရိတ်ကုန် သက်သာအောင်လို့"
"တော်… တော်၊ ခင်ဗျား အိမ်ကောင်းကောင်းမွန်မွန် ပြန်မရောက်ရင် ခင်ဗျားမိန်းမက ကျွန်တော့် ဂျီကျဦးမှာ"
"မကျပါဘူး… ခင်ဗျားကားမရှိလို့ပြော…"
"ဘာ… ကျွန်တော့်ကား မရှိလို့"
ကျွန်တော့် စကားမဆုံးမီ ဖြတ်ပြောပြီး တယ်လီဖုန်းဆီသို့ ထသွားသည်။ နောက်ထပ် ကျွန်တော် တို့ တစ်ခွက်စီ လောက် အကုန်မှာ နေ့ခင်း က ကားလာရောင်းသူများ ရောက်လာကြသည်။
မဆိုင်းခဏပင် ကိုမြမောင်က….
"ခင်ဗျား တို့ ကား ထားခဲ့တော့၊ ငွေတော့ ခုတစ်ပြားမှ ပေးစရာမရှိဘူး၊ ဟိုဆိုင်ပိတ်သွားပြီ၊ နက်ဖြန်မှ လာ ယူကြ"
စထရင်းဟိုတယ် ၌ရှိသော မိုးကုတ်ပတ္တမြားဆိုင်မှာ ကိုမြမောင်၏ငွေတိုက်ဖြစ်သည်။ သူ ဘယ်လောက် လိုချင် လိုချင် အဲသည်ဆိုင်က အချိန်မီရအောင် ဆောင်ကြဉ်းပေးရသည်။ ဟိုလူနှစ်ယောက်ကလည်း ဘာမျှ မပြောချေ။ ကိုယ်စိတ်ပေါ့ပါးစွာနှင့် ကားသော့လေးချပြီး ထွက်သွားကြလေ၏။
ငွေကို ဘယ်လောက် ဂရုမစိုက်သောလူပါနည်း။
ကျွန်တော ်နှင့် သိကျွမ်းစအခိျန်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်း၌ မြမောင်ကုမ္ပဏီဟု ခန်းလုံး ပြည့် ဆိုင်းဘုတ်ကြီးကြီး နှင့် ရှိသည်။
သူဤကုမ္ပဏီနှင့် ပတ်သက်၍ ငွေလေးသိန်းကျော် သူအဖြောင်ခံရ၍ ဝတ်လုံငှားပြီး တရားစွဲ သည်။
အမှု့ ရုံးချိန်း နေ့မှာ သူ့ဝတ်လုံအား မှာလိုက်သည်။
..ကျွန်တော် ရုံးမှာ အချိန်ကုန်ခံပြီး ထိုင်မနေချင်ဘူး၊ အမှု့စစ်ခါနီး ဆယ်မိနစ်လောက်မှာ ဖုန်းဆက်လိုက်ပါ..ဟု ဖုန်းနံပါတ်ပေးလိုက်၏၊
ကျွန်တော်တို့ သည် ထိုနေ့မှာ သူ့ဝတ်လုံဆီက ဖုန်းသံစောင့်ရင်း ဗိုလ်အောင်ကျော်လမ်း ရှိ မိုးကုတ်ကလပ် မှာ ဝီစကီနှင့် ဇိမ်ခံနေကြသည်။
သူ့ဝတ်လုံ ထံမှဖုန်းလာလေသော် ကိုမြောငမသည် သွားနားထောင်ပြီး မျက်နှာရှုံကာ ပြန်လာလျှက်..
ဒုက္ခ ဘဲ အပေါ်ဖုံးအင်ကျီ ၀တ်ခဲ့ရဥိးမတဲ့ဗျ..
အေးပေါ့ဗျာ..ငွေလေးသိန်း အမှုရှင် တရားလိုကြီးဆိုတော့ လူကြီးလူကောင်းလို ဝတ်ရဦးမှာပေါ့ဗျ..
ကိုမြမောင်သည် ဘယ်တော့မှ ထည်ထည်ဝါဝါ ဝတ်ဆင်လေမရှိပေ။ ဟာဝေယံ ရှပ်လက်တိုလေး နှင့် ချည်ချောလုံချည် သာ ဝတ်လေ့ ရှိသည်။ သိုဖြင့် သူ ဝတ်စားဆင်ယင်ပြီး ရှုံ့ရှုံ့မဲ့မဲ့ နှင့် ထွက်လာလျှက် ..ကဲ ကိုဆွေ ခင်ဗျား တို့ပါ လိုက်ခဲ့ကြဗျာ..ပြန်လာမှ ဆက်သောက်ကြတာပေါ့ သိပ်ကြာမယ် မထင်ပါဘူး.
ကျွန်တော် တို့ သောက်ဖော်တစ်သိုက် လိုက်သွားကြသည်။
ရုံးမှာ တစ်နာရီလောက် အစစ်ခံရသည်။ တရားသူကြီးရှေ့မှာ မတ်တတ်ရပ်လျှက် တရားခံဝတ်လုံ၏ မေးမြန်း ခြင်း ကိုခံရသည်။
ဤအဖြစ်ကို သူ လုံးဝမနှစ်သက်
ထို့ကြောင့် ဤစစ်ချက်ပြီးသောအခါ သူ့ဝတ်လုံအား အမှုကိုပြန်၍ ရုပ်သိမ်းစေလိုက်တော့၏။
သက်သက် ကိုယ်ငွေနဲ့ကိုယ် ဒုက္ခခံရတယ်ဗျာ။ ဒီငွေလဲ ပြန်မလိုချင်တော့ပါဘူး။ ဟုတ်ကဲ့ သူ့အဖို့ သည် ငွေလေးသိန်း ပြန်ရတော့ကော ဘာထူးဦးမည်နည်း၊
ဝမ်းတွင်းပါသူဌေး
ကိုမြမောင်ကို ဝမ်းတွင်းပါသူဌေးဟု ခေါ်ရမည်ဖြစ်၏၊ သူ့ မိဘများသည် မိုးကုတ်မြို့တွင် ကံအကောင်းဆုံး ကျောက် အအောင်ဆုံးဖြစ်၏၊၊ ဒုတိယ ကမ်ဘာစစ်ကြီး မဖြစ်မီက သူ့အဖေသည် ပြင်သစ်ပြည် ပဲရစ်မြို့တွင် ပတ္တမြား ဆိုင်သွားဖွင့်ထား၍ မြန်မာပြည်က ကျောက်မျက်ရတနာများကို ကမ်ဘာ့ ဈေးထိပ်တန်းမှာ ရောင်း ခဲ့သူဖြစ်၏၊ ၁၉၄၅-၄၆ ခုနှစ်တွင် ကိုမြမောင်သည် ပဲရစ် မြို့မှာ သွားနေ၍ ပဲရစ်နှင့် လန်ဒန်ကို အိမ်ဦးကြမ်းပြင် ကူးကာ အမေရိကန် အင်္ဂလန် မီလျှံနာများကဲ့သို့ သုံးဖြုန်း ခဲ့သူဖြစ်၏။
နောက် သူ့ဖခင်ကွယ်လွန် ၍ ပဲရစ်မှာ ပတ္တမြား ဆိုင် မရှိတော့သော်လည်း ကိုမြမောင်အဖို့ မြန်မာပြည်မှာ သူ့ တစ်သက် ဘယ်လောက် သုံးသုံးဖြုံးဖြုံး မကုန်နိုင်၊ သူ့မိခင်က တစ်ဦးတည်းသောသားကြီး အား သုံးစမ်း ပါစေ ဖြုန်းစမ်း ပါစေ မသုံးမှာ မဖြုန်းမှာကိုသာ ပူသည်၊ မြမောင် တစ်သောင်းဖိုး သုံးဖြုန်းလျှင် တစ်သိန်း ဖိုး ကျောက်ရသည်ဟု ပြောစမှတ်ပြုသည်ဟူ၏။
ကဲ..သည်လူမျိုး..ကမ်ဘာတွင် မရှားပါလော…
သို့သော်…
ငွေချမ်းသာရုံနှင့် ဘဝပြည့်စုံပါသလော
တစ်နေ့တစ်၌ ကိုမြမောင် သည် အရက်မူးလွန်၍ ကျွန်တော့် အိမ်တွင် လဲပြီး တစ်ရေးနိုးမှာ ထပ် သောက်ရင်း ဘာများတွေး၍ ဝမ်းနည်းလေသည် မသိ..မျက်ရည်များထွက်လျှက် ကျွန်တော့် အား ပြောဖူး သည်။
ကိုဆွေ ကျွန်တော်မှာ ငွေသိပ်ချမ်းသာတော့ သဘောရှိ သုံးဖြုန်းပြီး စိတ်ထင်သလို နေရစားရတာ ပျော်တယ် ကိုယ့် ဘဝကိုယ် ကျေနပ်နေတယ် များထင်သလား.. မထင်နဲ့ ကိုဆွေ၊ ကျွန်တော် ခင်ဗျား ဘဝနဲ့ ကျွန်တော်ဘဝ လဲရရင် လဲလိုက်ချင်တယ် သိရဲ့လား"
သူ့အသည်းနှလုံး က ပြောသောစကားဖြစ်သည်။
ဤသည်ကို ကျွန်တေယ် အလေးအနက် စဉ်းစားသည်။
ရန်ကုန်မြို့ကြီးသည် လောကနိဗ္ဗာန် ဖြစ်သည်ဆိုသော ခေတ်ကပင် ငွေရှိလိုတရသော ခေတ်ကပင် ကျွန်တော် သူနှင့် ရင်းနှီးလှစွာ ပေါင်းသင်းခဲ့ပါသည်။
ကိုမြမောင် သည် သူ၏ဇာတိ မိုးကုတ်မြို့နယ် နှင့် ယခု သူ့မိခင်နေသော မန္တလေးမြို့မှာထက် မြန်မာပြည် တွင် အကြီးဆုံးသော သုံးလို့ဖြုန်းလို့အကောင်းဆုံးသော ရန်ကုန်မြို့မှာ အနေများ ပါသည်။ စထရင်း ဟိုတယ် မှာ တည်းပါသည်။ ဟိုတယ်အောက်မှာ သူ့ကားကြီးတစ်စီး ထားပါ သည်။ သူလိုသမျှ ခိုင်းရန် လက်စွဲတော် တစ်ယောက်နှစ်ယောက် ထားပါသည်။ သူတို့သည် နံနက်မိုးသောက်လင်းလျှင် သူ့ဆီ ရောက်ရသည်။
ကိုမြမောင် သည် နံနက်(၈)နာရီလောက်မှာ အိပ်ရာထတတ်ပါသည်။ ဟိုတယ်က ပေးသော ဘရိတ်ဖတ်စ် ခေါ် ကောဖီတစ်ယောက်စာ၊ ပေါင်မုန့်ထောပတ်သုတ်နှစ်ချပ်၊ ဝက်မလွတ်ငှက် ပျောသီးတစ်လုံးတို့ကို စားလို က စားပါသည်။ ရေချိုးအဝတ်အစားလဲပါသည်။ ရောက်လာမည့် မိတ်ဆွေများကို မျှော်ပါသည်။
ဘာလုပ် ရအောင်နည်း။
ဟိုတယ်ကြီးတစ်ခု မှာ နံနက်စာ စားရအောင်ပါ။ ဟိုတယ်မှာ စားတော့ လူများ မှ ဟင်းများများ နှင့် စားလို့ မြိုင်သည်။ မြိန်သည် မဟုတ်ပါလား။
(၁၁)နာရီ လောက်ထိအောင် စောင့်သည်။ ရောက်သင့်သလောက် ရောက်မလာပါက ဖုန်းရှိသောအိမ်ကို ဖုန်းဆက်၍ ခေါ်သည်။ ဖုန်းမရှိသော သူကို သူ့လက်စွဲတော်နှင့် ကားလွှတ် ၍ခေါ်သည်။
အဲ..သူ့စိတ်ကြိုက် လူပြည့်စုံပါက သူကိုယ်တိုင် ကားမောင်း၍ ထွက်ခဲ့ပြီး ခု မနက်စာ ရွေးချယ် သော ဟိုတယ် သို့ လာခဲ့ကြသည်။
ကိုမြမောင် ၏ ထမင်းစားဝိုင်း မှာ အရက်ပါသည်။
ထိပ်တန်း ဝီစကီ ကို မှ သောက်သည်။
သူပြောဖူးသော စကားကို မှတ်မိပါသည်။
"ဝီစကီ ထဲမှာ ကျွန်တော် ဂျွန်ဟိတ် နဲ့ ဂျော်ကာဝါးကား ရက်လေဘယ် ကို မကြိုက်ဆုံးပဲဗျ" တဲ့။
ကဲ… သူ ဘယ်လိုဝီစကီမှသောက်သည်ကို ဝီစကီနားလည်သူများခန့်မှန်းကြပေရော့။ အများအားဖြင့် ဂျော်နီဝါကား၊ ဘလက်လေဘယ် သို့မဟုတ် ဗက်စ္စတီနိုင်းကို သောက်တတ် ပါသည်။ ဝှိုက်လေဘယ်က သူ အညံ့ဆုံးထား၍ သောက်သော အရက်ဖြစ်ပါသည်။ ကျွန်တော်တို့ကလည်း သူနှင့်ဆို်လျှင် နားတောင်း ရောင် နှင့် ပါးပြောင်ကြသည်ပေါ့။
ကိုယ်ကြိုက်သော အရက် ကိုယ်သောက်နိုင်သည်ဆိုသော်လည်း သူသောက်သော ဝီစကီထက်ကောင်းတာ မြန်မာပြည် မှာ ရှိပါဦးတော့မည်လော။ စားစရာကိုလည်း ကိုယ်ကြိုက်ရာ ကိုယ်မှာနိုင်သည်။ ဤသို့ မမှာ လိုပါက "ဟေ့… တို့လူ ခြောက်ယောက်စာ ဟင်းဆယ်မျိုးကွာ " စသည်ဖြင့် အော်ဒါလုပ်လိုက်သည်။
ယင်းသို့ နံနက်စာကို (၁၁)နာရီလောက်စသောက်ကြစားကြပြီး နာရီပြန်တစ်ချက်လောက်ပြီး သည်၌ လူစု ခွဲကြသည်။
ကိုမြမောင် က ပို့သင့်တဲ့လူကို ပို့စေပြီး "ကျွန်တော်တော့ ဟိုတယ်ပြန်မှိန်းဦးမယ်ဗျာ" ဟု စထရင်းသို့ ပြန်၏။
သူ ယင်းသို့ မှိန်းပြီး နေ့လယ် သုံးနာရီလောက် အိပ်ရာကထ၏။
ရေခိျုး၏။ အဝတ်လဲ၏။
ကဲ… လူတစ်ယောက် (ကျွန်တော်တို့ မြန်မာလူမျိုးထုံးစံ) တစ်နေ့ ထမင်းနှစ်ခါ စားရမည်မှာ တစ်ခါ ကျန် နေသေး၏။ ငါးနာရီခြောက်နာရီလောက်မှာ ကားနှင့်လျှောက် လေညင်းခံပြီး နာမည်ကြီး စားသောက်ဆိုင် တစ်ခုသို့ ရောက်ကြပြန်၏။ ကောင်းတာတွေ သောက်ကြပြန်၏။. စားကြပြန်၏။
ညဆယ်တစ်နာရီ လောက် လူစုခွဲပြီး ကိုမြမောင် စထရင်းဟိုတယ်သို့ ပြန်အိပ်ပြန်၏။
နံနက်ရှစ်နာရီ လောက် အိပ်ရာက နိုးပြန်၏။ ရေချိုး အဝတ်လဲပြန်၏။ မိတ်ဆွေ တွေ ဆုံမိကြပြန်၏။
ဘဲလ်အဲယား သို့မဟုတ် မာစီဒီးဘင့်ကားကြီးနှင့် စိတ်ကြိုက်ဟိုတယ်ရွေးပြီး သွားစားကြ သောက်ကြ ပြန်၏။
နာရီပြန် တစ်ချက်လောက် လူစုခွဲကြပြန်၏။
စထရင်းဟိုတယ်၌နေ့လယ်သုံးနာရီလောက် ကိုမြမောင် မှိန်းရာက ထပြန်၏။ ရေမိုးချိုး၏။ အဝတ်လဲ၏။ သောက်ဖော် မိတ်ဆွေများကို မျှော်ပြန်၏။ စုမိကြပြန်၏။. သွာပြီး စားကြသောက် ကြပြန်၏။
သန်းခေါင် လောက် ကိုမြမောင် ဟိုတယ်ပြန်ရောက်ပြီး အိပ်ပြန်၏ နောက်တစ်နေ့၌ တစ်မိုး သောက် ပြန်၏။
ကိုမြမောင် သည် သူ၏ နစ္စဓူဝအတိုင်း တစ်နေ့တာ ပဋိစ္စသမုပ္ပါဒ် လည်ရပြန်၏။
အို….. စာဖတ်သူ
သင့်စိတ်ကူး ဖြင့် သီတင်းတစ်ပတ်လောက် သို့မဟုတ် တစ်လလောက် သို့မဟုတ် စိတ်ကြိုက် သလောက် ကိုမြမောင် နေရာမှာ ဝင်ကြည့်စမ်းပါ။
ဘဝ၏ အဓိပ္ပါယ် ဘာရှိတော့သနည်း။
(၁) လောကကြီးတွင် ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်နေရုံနှင့် မပြီးသေးတကား။
(၂)သို့သော် ကျွန်တော်သို့သည် နေ့စဉ်ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်း နေကြ ရန် ကြိုးစား နေကြသည် မဟုတ်ပါလား။
ဤအကြောင်း နှစ်ရပ်ပေါင်းစပ်ပြီး စဉ်းစားလိုက်သောအခါ၌ ဘ၀၌အဓိပ္ပာယ်ပေါ်လာလိမ့်မည်။
စင်စစ်ဘ၀၏ လန်းဆန်းစိုပြည်ရန်၊ ဘ၀ကိုမငြီးငွေ့ရန်မှာ အလုပ်လုပ်ရန်ပင် ဖြစ်ချေသည်။ ကိုယ်လုပ်သော အလုပ်၌ ရည်ရွယ်ချက်ပန်းတိုင် ရောက်သည်လည်းရှိမည်၊ မရောက်သည် လည်းရှိမည်၊ မကျေနပ် မှုလည်းရှိမည်၊ ၀မ်းသာမှုလည်းရှိမည်၊ ၀မ်းနည်းမှု လည်းရှိမည်။
ယင်းသည်ပင် ဘ၀၏ အဓိပ္ပာယ်နှင့် အနှစ်သာရဖြစ်တော့၏။
သို့သော် ကိုမြမောင်၌ ဘာအလုပ်မျှ လုပ်စရာမရှိ ဘာမျှကြိုးစားစရာမရှိ။ သည်သည် ဘ၀၏ အလုပ် လက်မဲ့ ဖြစ်နေသည်။ သူ့အခြေကလောကီဥစ္စာကို လိုတရနေသည်။ ယင်းသည်ပင် ဘ၀၏မပြည့်စုံမှု ဖြစ်သည် ကို အလေးအနက် စဉ်းစားတတ်သူတို့ နားလည်ပေမည်။
စင်စစ်ကား ဘ၀တုသည် ဆင်းရဲချမ်းသာမရွေး တက်ကျနိမ့်မြင့် မခြား ဘယ်တော့မှ ပြည့်စုံသည် မရှိချေ။ ယင်းမပြည့်စုံ သည်ကို ပြည့်စုံလိမ့်နိုး ကြိုးစားနေရခြင်းပြင် ဘ၀မည်ပါ၏။
ကိုမြမောင် ၌ကား ယင်းသို့ကြိုးစားစရာ အကြောင်းမရှိ။
ဘ၀၏ အလုပ်လက်မဲ့ ဟု ကျွန်တော်ဆိုပါ၏။
ကိုမြမောင် သည် ပစ္စည်းဥစ္စာချမ်းသာရုံမက ရုပ်ရည်ချောမောသူလည်း ဖြစ်၏။ အသားဖြူဖြူ ကိုယ်လုံး ကိုယ်ပေါက် သွယ်သွယ်သပ်သပ်၊ အရပ်မြင့်မြင့် နှင့် မျက်လုံးမျက်ဖန် နှာတံနှုတ်ခမ်း လှပသူ ဖြစ်၏။
တစ်နေ့သ ၌ ရှုမ၀တိုက် ကျွန်တော့်ဆီသို့လာနေသော ကိုမြမောင်ကို ဦးကျော်က မြင်ဖူးလိုက် သဖြင့် ဒါရိုက်တာ ဦးကျော် က "ခင်ဗျားလူ ရုပ်ရှင်မင်းသားလုပ်ခိုင်းစမ်းပါ"ဟု ပြောဖူး၏။ ကျွန်တော်က "ေ၀လမင်းသား ကို ဟောလီ၀ုဒ်က ခေါ်မရသလို ရှိမှာပေါ့ဗျ"ဟု ပြန်ပြောလိုက်၏။
ဤစကား မလွန်ပါချေ၊ ကိုမြမောင်သည် ကျော်စောကိတ္တိလည်း မလိုချင်၊ ရှက်လည်း အလွန် ရှက်တတ်။ ငွေ ဆိုတာလည်း သူ့ဘာသူ သုံးလို့ဖြုန်းလို့မကုန်နိုင်။
ဤသို့ ဥစ္စာပေါ ရုပ်ချောဖြစ်ရသည့်အတွက် ကိုမြမောင် မှာ သူ့ဘ၀တွင် ဆုံးရှုံးမှုတစ်ရပ် ကြုံရပြန်သည်။ အကြောင်းမှာ သူသည်အချစ်ခရီးတွင် မိန်းမတစ်ယောက်ကို ကျွန်တော်တို့ကဲ့သို့ အကြိတ်အနယ် ပိုးမနေရ။ ပိုးနေစရာ မလို။ သူ့ရုပ်နှင့် သူ့ဥစ္စာပစ္စည်းကြောင့် လွယ်လွယ်ကလေးရ၏။ သူ့အား သမက် မတော်ချင်သူ အလွန်ရှားပေလိမ့်မည်။ ထို့ကြောင့် သူသည်သူချစ်ကိုယ်ချစ် သို့မဟုတ် အချစ်စစ် အချစ်မှန်ကို ရခဲ့မည် မဟုတ်ချေ။
ကျွန်တော် နှင့် စတင်သိကျွမ်းစ သူ့အသက် သုံးဆယ်လောက်၌ အိမ်ထောင်ဆက် သုံးဆက် ကွဲခဲ့ပြီး ဖြစ်သည်။ ထိုအချိန်မှာ သူသည် အိမ်ထောင်ကို စိတ်မကူးချင်လောက်အောင် ဖြစ်နေ ဟန်တူပေသည်။
သို့သော် နောက်ပိုင်း၌ သူ့အပေါင်းအသင်း အိမ်ထောင်ရှင်တွေအားကျလာ၍ လည်းကောင်း၊ မိိတ်ဆွေ ပညာရှင် များက ဘ၀ဟူသည် အတွယ်အတာရှိရမည်၊ သံယောဇဉ်ရှိရမည်၊ တာ၀န် ရှိရမည်ဟု ၀ိုင်း၀န်း နားချကြပြန်သောကြောင့် ယခုသူ့နောက်ဆုံး ဇနီးကို လက်ထပ်လိုက်လေ သည်။
သို့သော် သတ္တဝါတို့ မည်သည်မှာ ကံကြမ္မာ၏ သားကောင် များဖြစ်လေရာ ပဋိသနေ္ဓတည် ကတည်းက ကံကောင်း လာခဲ့သော ကိုမြမောင်မှာ မည်သူမျှ မရှောင်သာသော လောက၏ တရားအတိုင်း သူ့အသက် (၃၇)နှစ် တွင် ကြမ္မာဆိုး၀င်ရလေပြီ။
ရေ၌ကျွမ်းကျင်သူသည် ရေ၌သေရ၏။ ေ၀ဟင် ၌ ကျွမ်းကျင်သူသည် (ယူရီဂါဂါရင်ကဲ့သို့) ေ၀ဟင်၌ သေရ၏။ ဆိုဘိသကဲ့သို့ ငွေ၌ကြွယ်၀သူသည် ငွေဖြင့် ဒုက္ခရောက်ရရှာ၏။
(၁၉၆၃) ခုနှစ် ရာတန်တွေ ပေးအပ်ရမည်၊ တရားမ၀င်တော့ဟု ကြေညာသည်၌ ကိုမြမောင် သည် မန္တလေးမှ ယူခဲ့သောရာတန်ငွေ နှစ်သိန်းဖြင့် အစိုးရပြန်မှု ကျူးလွန်မိကာ မင်္ဂလာဒုံ လေဆိပ်မှာ ဖမ်း၍ ထိန်းသိမ်းခြင်း ခံလိုက်ရသည်။ သုံးနှစ်ငါးလကြာမှ ထွက်လာခဲ့သည်။
သို့သော်လည်း လွတ်ပြီး သုံးလကျော်ကျော်လေးလသာ နေရတော့သည်။ (၁၉၆၈)ခု၊ ဇန်နဝါရီလ (၁၈)ရက်နေ့ မှာ ဦးနှောက်အာရုံကြောပြတ်၍ အနိစ္စရောက်ရှာသည်။
သူထောင်ထဲ နေရ စားရပုံတွေ ပြောပြတော့ ကျွန်တော်တို့မှာ တရားကျလှသည်။ ထောင်ထဲ ၌ လူတစ်ယောက် ကို သူက ရိုက်မှုဖြစ်သဖြင့် တိုက်ပိတ်ခံရစဉ်က အကျဉ်းသားတို့ ထုံးစံ သံပန်းကန်ပြား နှင့် ထမင်း ကို ငါးပိစိမ်းစားလေး တစ်တို့ ပန်းကန်နှုတ်ခမ်း သုတ်ပေးလိုက်သည် နှင့် စားရပုံများ ကြားရတော့ ထမင်းတစ်နပ် ကို နွားတစ်ရှဉ်းဖိုးမက စားခဲ့သော သူ့ဘ၀မှာ များစွာ သံေ၀ဂ ရဖွယ်ကောင်းလှပါ၏။
သြော်…ကံ…ကံ
သူ့ အသုဘ က ယပ်တောင် မှာ ပါတဲ့အတိုင်းပါပဲလား
ကိုယ့်လဲ သူမပိုင်
သူ့ကိုလဲ ကိုယ်မပိုင်
ဘယ်သူ့ကိုမှ ကိုယ်မပိုင်
ဖြစ်ချိန်တန်လျှင် ကံအတိုင်းဖြစ်
ပစ္စည်းကိုလဲ လူကပစ်
လူကိုလဲ ပစ္စည်းကပစ်
မမြဲတဲ့ အနိစ္စအစစ်
ကြောက်စရာကောင်းတဲ့ ဒုက္ခအစစ်
အစိုးမရတဲ့ အနတ္တအစစ်။
ဤတရားတော်ကို ရေးသားတော်မူသော ဆရာတော်ဘုရားအား ရှိခိုးဦးညွှတ်လျက် ကိုမြမောင်ကို လွမ်းဆွတ် သတိရစွာနှင့်…….။
▪️▪️▪️
သော်တာဆွေ