သေမင်းကိုရွေးချယ်ခွင့်ရှိခဲ့လျှင် ( ဂျူး )

ဂျူး

ကျွန်မ သေဖို့အတွက် ကိုယ့်သေမင်းကို ရွေးချယ်ခွင့် ရှိလို့ ရွေးစမ်းဆိုလျှင်တောင် ဘာကို ရွေးရမလဲဟု စဉ်းစားရ တော်တော်ခက်သည်။ သေမင်းအားလုံးသည် သူ့နည်းနှင့်သူ ကြောက်စရာကောင်းသည်ချည်း ဖြစ်သည်။ သေချာတာကတော့ ကင်ဆာရောဂါကိုတော့ မရွေးချင်ပါ။ သို့သော် မရွေးချင်ဘူးဆိုလို့ကော ရမတဲ့လား။ ကျွန်မမှာက ကင်ဆာမျိုးရိုး ရှိသည်။ကျွန်မ မေမေက အဆုပ်ကင်ဆာရောဂါဖြင့် ဝေဒနာ ခံစားပြီး သေဆုံးသွားခဲ့သည်။ ကျွန်မအဖွား မေမေ့အမေက သားအိမ်ကင်ဆာဟု ကျွန်မ အသက်ကြီးလာမှ ခန့်မှန်းမိသော စတုတ္ထတန်းအရွယ် အဲဒီတုန်းက ဘာမှန်းမသိခဲ့ရသော မိန်းမရောဂါဖြင့် သေဆုံးသွားခဲ့သည်။ ကျွန်မ အဖေဘက်ကို ကြည့်ပြန်တော့ ကျွန်မ မမီလိုက်သော ဖေဖေ့အမေက သားမြတ်ကင်ဆာရောဂါဖြင့် သေဆုံးသွားခဲ့သည်။ ဆိုတော့ ကျွန်မတို့ မောင်နှမငါးယောက်တွင် ကင်ဆာရောဂါက ကံဆိုးသူ တယောက်ယောက်အပေါ် ကျရောက်လာနိုင်သည် မဟုတ်လား။

ကျွန်မတို့ မောင်နှမတွင် တဦးတည်းသော ယောက်ျားလေးဖြစ်သည့် အစ်ကိုက လွန်ခဲ့သည့် သုံးနှစ်ခန့်က ကွယ်လွန်သွားခဲ့ပြီ။ အစ်ကိုက ကင်ဆာရောဂါ မဟုတ်ခဲ့။ ကင်ဆာရောဂါ မဟုတ်လို့ အစ်ကို ကံကောင်းသည်ဟု ပြောလို့မရပါ။ ကင်ဆာမဟုတ်သော အခြားရောဂါတွေသည်လည်း ဆိုးရွားလှပါလားဆိုတာ ဆရာ၀န်ဖြစ်လျက်နှင့် အမှုမဲ့ အမှတ်မဲ့ပဲ နေခဲ့မိသည်။ငယ်စဉ်တုန်းက မှတ်မှတ်ရရ ကိုးတန်းအရွယ်မှာ သူငယ်ချင်းတယောက်၏ အဘိုးတော်စပ်သူ သတိလစ် မေ့မျောနေတာကို လူမမာမေးသွားတော့ လိုက်သွားခဲ့ဖူးသည်။ အဲဒီတုန်းက ကျွန်မဘ၀တွင် ပထမဦးဆုံးသော သတိလစ်မေ့မျောသည့် ကိုမာ ဝေဒနာရှင်ကို မြင်ဖူးခြင်း ဖြစ်သည်။ ဦးဏှောက်က သေသွားပြီတဲ့။ နှလုံးနှင့် အဆုပ်က အလုပ်လုပ်နေဆဲဟု သူငယ်ချင်း၏ မိဘဆွေမျိုး တယောက်ယောက်က ကျွန်မတို့ ကလေးတွေကို စကားသံ တိုးတိုးဖြင့် ရှင်းပြခဲ့သည်။ အဖိုးကြီးသည် ခပ်၀၀ ဖိုင့်ဖိုင့်ပါပဲ။ ခုတင်ပေါ်တွင် ပက်လက်လဲလျောင်းနေပြီး ပြင်းထန်သော အသက်ရှူသံဖြင့် အိပ်ပျော်နေသည်။ မလှုပ်မယှက်။ မျက်လုံးလည်း မပွင့်။

အဲဒီပုံစံအတိုင်း ဘယ်နှရက် ရှိပြီဆိုလား။ ကျွန်မ ထိုအဖိုးကြီးကို ငေးနေရင်း သူနာတာကို သိမလားဟု စပ်စုမိသည်။ နာကျင်တာကို မသိတော့ဘူးတဲ့။ ခေါ်တာကိုလဲ မကြားတော့ဘူးတဲ့။ အို ကောင်းလိုက်တာနော်။ ကလေးအတွေး ဖြင့် အားကျခဲ့ဖူးသည်။တကယ်တော့လည်း ထိုရောဂါဖြင့် မေ့မျောနေသူသည် ကိုယ်ပေါ်က နာကျင်မှု ထိမှုကိုသာ မသိလျှင် ရှိမည်။ အသက်ရှူမဝြခင်း၊ မောခြင်း၊ နှလုံးတုန်ခြင်း ကြောက်လန့်ခြင်း စသည်တို့ကိုတော့ မခံစားရဘဲ ဘယ်နေပါ့မလဲ။ နောက်ပြီး ခေါ်တာကို မသိဘူးဟု ဘယ်လိုလုပ် သေချာပေါက် ပြောလို့ရမလဲ။ တုန့်ပြန်မှု မရှိတော့လောက်အောင် သူ့ကိုယ်က မလှုပ်မယှက် ဖြစ်နေပေမယ့် သူ့အာရုံက ပါးလျားနေတုန်းပဲ မဖြစ်နိုင်ဘူးလား။ မကြားနိုင်ဘူးလား။ မျက်လုံးဖွင့်မကြည့်နိုင်လို့ ပါးစပ်မလှုပ်နိုင်လို့ သူ မသိဘူးဟု ပြောလို့မရပါ။ သူမျောနေရင်း တချက်တချက်တွင် ဖျတ်ခနဲ သိသွားတာမျိုး မရှိနိုင်ဘူးလား။ ဒါတွေကို ကျွန်မ ထည့်စဉ်းစားမိ သည်က နှစ်ပေါင်းများစွာ ကြာလာပြီး ဦးနှောက်သေသည့်ရောဂါ Cerebral infect ရောဂါဖြင့် အစ်ကို ဆေးရုံတက်နေရသည့် ကာလတွေကျမှ ဖြစ်သည်။

အစ်ကိုဆုံးခါနီး အချိန်ကာလမှာဖြင့် ကျွန်မ အကို့ အနားမှာတောင် မနေနိုင်တော့ဘဲ အိမ်သို့ ပြန်ပြေးခါ ပုန်းအောင်းနေမိသည်။ ဦးဏှောက်သေသည့်လူ ဝေဒနာ မခံစားရဘူးလို့ ဘာဖြစ်လို့များ ထင်မိကြတာလဲ။ဟင့်အင်း ကျွန်မ လေဖြတ်သည့်ရောဂါ ဦးဏှောက်သေသည့်ရောဂါ တွေကိုလည်း သေမင်းအဖြစ် မရွေးချယ်လိုပါ။ ဒါဖြင့် အဲသည်လို မဖြစ်ရအောင် ကျွန်မ ကိုယ့်ကိုယ်ကို ဘယ်လောက်များ ကာကွယ်ပြီးလို့လဲ။ ပြန်စဉ်းစားကြည့်သည်။သွေးတိုးရောဂါဆိုတာကို ခပ်ငယ်ငယ်ကတော့ ကိုယ်နှင့် ဘယ်လိုမှ မသက်ဆိုင်သော ရောဂါဟု ထင်မိခဲ့သည်။ ကျွန်မက သွေးဖိအား သိပ်နည်းတတ်သူမို့ပါ။ နှလုံးညှစ်စဉ်ဖိအား (အပေါ်သွေး) က ကိုးဆယ်၊ နှလုံးပြန်လျော့စဉ် ဖိအား (အောက်သွေး) က ခြောက်ဆယ်။ အဲသည်ဖိအားအတိုင်း တလျှောက်လုံး နေလာခဲ့တာ။ အသက်နည်းနည်းကြီးလာတော့ တရာ နှင့် ခြောက်ဆယ်။ တရာ နှင့် ခုနှစ်ဆယ်။ အင်း အခုမှ ပုံမှန်ဖြစ်လာပြီပေါ့။ သို့သော် မှတ်မှတ်ရရ အစ်ကိုဆေးရုံပေါ်မှာ အခြေအနေ ဆိုးနေသည့် ရက်တရက် ကျွန်မ အစ်ကိုဆေးရုံခန်းလေးမှ ပြန်လာပြီး အိမ်ပေါ်ပြန်ရောက်လာချိန်တွင် နှလုံးက ဒိုင်းခနဲ ဒိုင်းခနဲ ပြင်းထန်စွာ မြန်ဆန်စွာ ခုန်လေသည်။ သွေးဖိအားကို တိုင်းကြည့်တော့ ကိုယ့်ကိုယ်ကို တအား အံ့သြထိတ်လန့်သွားမိသည်။

တရာ့လေးဆယ် ကိုးဆယ်။ သွားပြီ။ အဲသည်အချိန်မှ စပြီး ကျွန်မ ကိုယ်က သွေးတိုးရောဂါဘက်သို့ ယိမ်းသွားခဲ့တာပါပဲ။ပြီးခဲ့သည့် နှစ်နှစ်အထိ ခိုလက်စထရော မများခဲ့ပေမယ့် သည်နှစ်မှာတော့ ခိုလက်စထရောလည်း များလာပြီ။ ဆေးသောက်ဖို့ လိုနေပြီလား။ ဘ၀တာ တလျှောက်လုံး သောက်ရမည်မို့ အစားအသောက်ဖြင့် အရင် ထိန်းချုပ်ကြည့်ချင်သေးသည်။ ကျွန်မအလွန်ကြိုက်သော ချိစ်ကို ကျွန်မ လုံး၀ ဖြတ်တောက်ခဲ့တာ နှစ်နှစ်ရှိပါပြီ။ ချိစ်ကိတ်မုံ့ကိုတောင် ကျွန်မ မစားတော့တာ။ နောက်ပြီး ကျွန်မအလွန်နှစ်သက်သော အာလူး အချောင်းကြော်ကို လုံး၀ မစားမိအောင် ဇွတ်အတင်းထိန်းချုပ်ရတာ ပင်ပန်းလှသော်လည်း ကျွန်မ အောင်မြင်လုနီးပါး ဖြစ်သည်။ သူငယ်ချင်းတွေနှင့် အတူ စားသောက်ဖြစ်သည့်အခါ သူတို့နှင့်ရောပြီး တချောင်းစ နှစ်ချောင်းစ စားမိတာက လွဲလို့ပေါ့။ ကြက်ဥ အွန်းမ်လိပ်ကို ချိစ်မထည့်ဘဲ ကြော်ပြီး အဆီလျှော့ချသော အဆင့်မှ ကြက်ဥအနှစ်ကိုပါ လျှော့သည့်အဆင့်ထိ ရောက်ခဲ့ပါသည်။

ကြက်ဥ အွန်းမ်လိပ်ထဲ ချိစ်ထည့်တာကလည်း အိမ်မှာတော့ လုပ်လေ့လုပ်ထ မရှိပါ။နိုင်ငံခြားက ဟိုတယ်တွေမှာ နံနက်စာ စားလျှင်သာ စားဖိုမှူးတွေ၏ ကြော်ဟန်က ဆွဲဆောင်မှု များလွန်းလို့ ထည့်ဖြစ်တာ။ ကျွန်မ လုံး၀ ဖြတ်လို့မရသေးတာက အိမ်မှာ လက်ဘက်နှင့် အကြော်စုံ စားသည့်အကျင့်။ ကျွန်မတို့ အခုစားနေသည့် နှစ်ပြန်ကြော်ဆိုသည့် ပဲကြော်တွေကို ဘယ်သူကများ စတင် တီထွင်လိုက်ပါလိမ့်နော်။ ထိုပဲကြော်တွေမှာ ပြည့်၀ဆီတွေ အများကြီးပေါ့။ ကျွန်မတို့ နိုင်ငံမှာ ဘယ်နေရာမှာ ၀ယ်လျှင် စိတ်ချရသည့် နှမ်းဆီ ပဲဆီ စစ်စစ်ကို ရနိုင်မလဲ။ ပြည့်၀ဆီ လုံး၀ မရောသည့် သီးနှံဆီ စစ်စစ်ကို ဘယ်လို ရနိုင်မလဲ။

တခါတခါများ ခိုလက်စထရောကို ကြောက်လွန်းလို့ နှလုံးရောဂါနှင့် သွေးတိုး လေဖြတ်ရောဂါတွေကို ကြောက်လွန်းလို့ ငယ်ငယ်က ကုန်းစောင်းမှာ ကျွန်မတို့ ထိုင်စီးခဲ့ရသော နွားဖြင့်လှည့်သည့် ဆီဆုံကြီးကို လွမ်းမိ တမ်းတမိသည်။အဲဒီ ဆီဆုံကြီးပိုင်ရှင်က ကျွန်မတို့ ခပ်နေကျ ရေတွင်းကို အများပြည်သူ သုံးစွဲဖို့ သန့်စင်သည့်ရေ ယူဖို့ လှူဒါန်းထားခဲ့သည်မို့ ကျွန်မတို့ ရေခပ်သွားတိုင်း ဆီဆုံကြီးကို ၀င်းထရံကြားမှ လှမ်းမြင်နေကျ ဖြစ်၏။

၀င်းထရံ ခပ်ထားသော ထိုရေတွင်း ဘေးမှာ လုံး၀ ရေမချိုးရ။ ထိုရေတွင်းသည်သောက်ရေ သုံးရေ သက်သက်သာဖြစ်၏။ ချိုးလိုလျှင် သူတို့ခြံဝိုင်းထဲမှာ ချိုး။ သူတို့ခြံနှင့် ရေတွင်းကြားက ခြံစည်းရိုး အဟကြားမှာ သွပ်ရေတံလျောက်လေး လုပ်ထားပေး၏။ ရေတွင်းမှ ငင်ယူလိုက်သော ရေကို ခြံစည်းရိုးတဘက်က ကန်လေးထဲသို့ အလွယ်တကူ လောင်းထည့်လို့ ရသည်။ ကိုယ်ငင်သည့်ရေ လုံလောက်ပြီဆိုလျှင် အဲသည်ကန်ကလေးမှာ သွားချိုးရုံပဲ။သူတို့ ခြံဝိုင်းထဲမှာ ရေသွားချိုးတော့ အမြဲတမ်း လည်နေသော ဆီဆုံကြီးနှင့် ပိုနီးရသည်။ သူတို့ ကိုယ်တိုင်က ဆီကုန်သည် ဖြစ်သလို အငှားလည်း ကြိတ်ပေးသည်။

နှမ်းဆီစစ်စစ်၏ ရနံ့က မွှေးပျံ့နေသည်။ နှမ်းကြိတ်ဖတ်က ထွက်သည့် ဆီထွေးကို ကျမတို့ ထန်းလျက်နဲ့ နယ်စားဖို့ လက်ဆောင်ရတတ်သေးသည်။ ထိုနှမ်းဆီ စစ်စစ်ကို ကျွန်မ လွမ်းမိသည်။ နှမ်းဆီက မိုနိုမပြည့်၀ဆီ mono unsaturated oil မို့ ကျန်းမာရေးနှင့် အလွန်ညီညွတ်သည်။ ပဲဆီကလည်း စစ်စစ်ဆိုလျှင် နှမ်းလိုပဲ မိုနိုမပြည့်၀ဆီပဲ။ စားအုန်းဆီ ရောလျှင်တော့ မကောင်းပါ။ ဆီအုန်းသည် အုန်းအမျိုးအစားထဲမှာ ပါတာမို့ သီးနှံကရသည့် အဆီဖြစ်ပေမယ့် ပြည့်၀ဆီ ဖြစ်နေသည်။ ကျန်းမာရေး ထိခိုက်စေသည်။တကယ်တော့ လူတယောက်၏ ကျန်းမာရေးသည် သူ နေထိုင်စားသောက်သည့် ဘဝနေမှုဟန်ပန်နှင့် တော်တော်များများကို ဆက်နွှယ်နေပါသည်။

ဒါ့ကြောင့်လည်း ၁၉၉၇ ခုနှစ်ထုတ် ကျန်းမာရေးနှင့် သဘာ၀ပတ်၀န်းကျင် စာစောင်တခုထဲမှာ ကင်ဆာရောဂါကင်းဝေးဖို့ ကျန်းမာစွာနေထိုင်နည်းဟု ဖော်ပြထားသည့် အထဲတွင် အစားအသောက် အနေအထိုင်ကို ဂရုစိုက်ကျင့်ယူဖို့ ရေးထားခဲ့သည်။၁။ ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးကို အခြားနည်းဖြင့် သုံးစွဲခြင်းများကို ဖြတ်တောက်ပါ။ကျွန်မ မေမေသည် ဆေးလိပ်ကို အသက်ဆယ့်သုံးနှစ် သမီးကတည်းက သောက်လာတာတဲ့။ မေမေ အဆုပ်ကင်ဆာဖြင့် ဆုံးတော့ အသက် ၆၁ နှစ် ဖြစ်သည်။

ဆေးလိပ်သည် ကင်ဆာသာမက ဦးဏှောက်ကိုလည်း ထိခိုက်စေတာပါပဲ။ အစ်ကို လေတခါ ဖြတ်ပြီးနောက် ကျွန်မကိုယ်တိုင် မကုပေးနိုင်ဘဲ ကျွန်မ၏ဆရာမ မမကို သွားပြပေးတော့ မမက အရက်ကိုတော့ တတ်နိုင်သလောက် လျှော့သောက်ပါ။ ဆေးလိပ်ကိုတော့ လုံးဝြဖတ်ပါဟု တားမြစ်လိုက်ပါသည်။ အစ်ကိုဆေးရုံတက်စဉ် ဦးဏှောက်ကို ဓာတ်မှန် CT Scan ရိုက်ပြီး စစ်ဆေးကြည့်တော့ ဦေးဏှာက်ထဲက ဒဏ်ရာဟောင်းတွေကို ဆရာက ကျွန်မအား ရှင်းပြပေးသည်။ အစ်ကိုသည် အရက်ရော ဆေးလိပ်ရော သောက်ခဲ့သူ ဖြစ်သည်။၂

။ အရက်အလွန်သောက်ခြင်းကို ရှောင်ကျဉ်ပါ။ယနေ့ခေတ်သည် အရက်ကို ကြိုက်လို့ဆိုတာထက် လူမှုရေးအရပါ သောက်ကြသည့်ခေတ် ဖြစ်သည်ထင်၏။ အရက်ဆိုင်တို့သည် အဆင့်အမျိုးမျိုးဖြင့် သောက်သုံးသူကို မြူဆွယ်နေကြသည်။ သို့မဟုတ် သောက်သုံးလိုသူ၏ ဆန္ဒကို ဖြည့်စွမ်းပေးနေကြသည်။ ဆင်းရဲသား များသည့် ရပ်ကွက်ထဲမှ အရက်ဆိုင်တွေ ကလည်း အရက်ဖြူဆိုင်တွေပေါ့။ သည့်ထက်နည်းနည်း ပို သုံးဖြုန်းနိုင်သူတွေအတွက်တော့ ဘီယာနှင့် အကင်တွဲပြီး ရောင်းသည့် ဆိုင်တွေပေါ့။

သည့်ထက် ပိုပြီး သုံးဖြုန်းနိုင်သူတွေအတွက် အရက်သည် ပိုပြီး ဇိမ်ခံစရာ ဖြစ်လာသည်။ အရက်နှင့် တွဲပြီး အခြားအရသာ၊ မြင်ကွင်း၊ ရနံ့၊ အထိအတွေ့ စသည့် ကာမဂုဏ်တို့ကို ရောစပ်ဇိမ်ခံနိုင်သည့် နေရာတွေ။ ဆက်စပ်သလား မဆက်စပ်ဘူးလား အတိအကျ မပြောနိုင်ပေမယ့် သွေးတိုးရောဂါတွေနှင့် လေဖြတ်ရောဂါတွေ ယနေ့ခေတ် မြန်မာနိုင်ငံမှာ ပိုများနေတာတော့ မြင်နေရပါသည်။၃။ အဆီနည်းသော အစားအစာသာ စားသုံးခြင်းအလေ့အား မွေးယူပါ။ ထို့ပြင် ဗီတာမင် အေ၊ စီ နှင့် အီး ပါသော အစားအစာများကို စားသောက်ပါ။ ဘရိုကိုလီ (ပန်းပွင့်အစိမ်း)၊ ပန်းပွင့်ခေါ် ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ ပဲပင်ပေါက်တို့ကို စားပါ။ကျွန်မတို့ မြန်မာလူမျိုးတို့သည် ဆီပြန်ဟင်းကို စားကြသည်။ အဲဒါ အရေးကြီးသလား။ ဆီသည် မိုနိုမပြည့်၀ဆီဆိုလျှင်တော့ အရေးမကြီးပါ။ ဆီသည် ပြည့်၀ဆီဆိုလျှင်တော့ အရေးကြီးပါသည်။ ပြည့်၀ဆီသည် သွေးတိုး နှလုံးရောဂါတို့ကို ဖြစ်ပွါးဖို့ အားပေးနေသည်။ ကျွန်မတို့ ငယ်ငယ်က ကုန်းစောင်းတွင် နံနက်အိပ်ရာထ မံု့ပျားသလက် စားသည့်အကျင့် ရှိသည်။

ကုန်းစောင်း မံု့ပျားသလက်ကလည်း ကောင်းမှကောင်း။ ပြားပြား ကြွပ်ကြွပ်။ အလယ်တွင် မုန့်နှစ်တွေအိုင်ပြီး ပျော့စိပျော့ဖတ် မုန့်ပျားသလက်ထက် တော်တော်ပိုကောင်းသည်။ အဲဒီမုံ့ပျားသလက်ကို ဆီဖြင့်ဆမ်းပြီး စားကြသည်။ ကျွန်မတို့က ဆီပန်းကန်လေးကို အလယ်မှာ ချပြီး မုန့်ပျားသလက်တဖဲ့ကို ဆီထဲနှစ် ထို မုန့်ပဲ့လေးဖြင့် ကျန်သည့် မုန့်ပျားသလက်များကို လိုက်ဖိပွတ်သည့်အခါ ဆီက မုန့်တွေပေါ်မှာ အညီအမျှ ဆမ်းပြီးသား ဖြစ်သွားသည်။ ထို ဆီခပ်ရွှဲရွှဲမုန့်ကို အဘိုးတွေ အဘွားတွေ စားကြ၏။

သူတို့ ဘာရောဂါမှ မဖြစ်ခဲ့ပါ။ ဆီက နှမ်းဆီ စစ်စစ်ကိုး။ မွှေးပျံ့ပြီး အရသာက နှမ်း၏ ခါးသက်သက်ဆိမ့်ဆိမ့် အရသာ။ အို ဘာပြောကောင်းမလဲ။ စားလို့ သိတ်ကောင်းခဲ့တာပေါ့။ အဲသည် မုန့်ပျားသလက်ကိုပင်ကျွန်မတို့ အိမ်နီးချင်း အပျိုကြီင်္း ညီအစ်မနှစ်ယောက်က ဆီပန်းကန်ပြားထဲသို့ မုန့်တခုလုံး နှစ်ပြီးစားသည်ဟု မေမေက ပြောပြဖူးသည်။ သူတို့က ဆီကို အလျှံပယ်သုံးနိုင်အောင် ကြွယ်၀သူတွေမို့ ဖြစ်မည်။ နောက်ပြီး နှမ်းဆီရွှဲသော မုန့်ပျားသလက်၏ အရသာကို ပိုကြိုက်လို့ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူတို့ ညီအစ်မ အသက်ရှည်ကြပါသည်။ ဒီခေတ်ကတော့ ဆီကို ကျွန်မတို့ သံသယဖြင့် ကြည့်နေရသည့် ခေတ်ဖြစ်သည်မို့ ဆီကို ရှောင်ကြဉ်လေ ကောင်းလေပါပဲ။

ဆီသိတ်မလိုသော ဟင်းတွေကို စားဖို့ ကောင်းသည်။ ကင်ပြီးစာမည်ဆိုပြန်တော့ ကင်ထားသည့် အစားအစာ၏ ကျွမ်းနေသော ကာဗွန်ဓာတ်က ကျန်းမာရေးကို ထိခိုက်စေပြန်သည်။၄။ ဖိုင်ဘာဓာတ်များသော အစားအစာ။ဥပမာ ဖြူဖွေးအောင် ကြိတ်ဖွတ်မထားသော သီးနှံဖြင့် ပြုလုပ်ထားသည့် အစားအစာတို့ကို စားပါ။ ပေါင်မုန့်ဆိုလျှင် ဖြူဖွေးသော ပေါင်မုန့်ကိုရှောင်ပြီး ပေါင်မုန့်ညိုကို စားပါ။ ဆန်ဆိုလျှင် ဖြူဖွေးသော ဆန်ထက် ပိုပြီး အကုန်အစင် မချွတ်ရသေးသော ဆန်ဖြင့်လုပ်ထားသည့် အစားကို စားပါ။ကျွန်မတို့ လူမျိုး အများစုက ပေါင်မုန့်ဆိုလျှင်လည်း ဖြူဖွေးပြီး နူးညံ့သောပေါင်မုန့်မှ ကြိုက်သည်။ သကြားဓာတ်များသော ပေါင်မုန့်ကို ကြိုက်သည်။ ဘားဂက်တ်ဟုခေါ်သော ခပ်မာမာ ပေါင်မုန့်ရှည် ကြမ်းကြမ်းကို မကြိုက်ကြ။ ကျွန်မအိမ်က မိသားစုကိုပဲကြည့်။

ထိုပေါင်မုန့်ကို စားဖို့ ကိုယ့်ကိုယ်ကို အားတင်းပြီး ကျွန်မ၀ယ်လာလျှင် ကျွန်မတယောက်တည်းပဲ စားရသည်။ သူတို့က နူးညံ့သော ပေါင်မုန့်မဟုတ်လို့ မစားချင်ဟု ဆိုပါသည်။ ကင်ဆာကို ရှောင်ဖို့၊ နှလုံးရောဂါကို ရှောင်ဖို့၊ သွေးတိုးရောဂါကို ရှောင်ဖို့ စားချင်သည့် အစာကို ရှောင်ပြီး၊ မစားချင်ပေမယ့် တည့်သည့်အစာကို စားသည့်အကျင့်ကို မွေးယူဖို့ ကြိုးစားသင့်ပါသည်။၅။ အစားအစာတွင် အဆီကို ယေဘူယျ လျှော့နိုင်သမျှ လျှော့ပါ။လျှော့ရမှာပေါ့လေ။ အဆီသည် ကောင်းကျိုးပေးတာက နည်းနည်း မကောင်းကျိုး ပေးတာက များများ မဟုတ်လား။ အခုဆိုလျှင် ကျွန်မ ကြက်သားကိုတောင် မစားဖြစ်အောင် ကြိုးစားနေပါသည်။ လူမှုရေးအရ ဆိုင်ထိုင်ရတာတွေ ရှိလျှင်လည်း အစားရွေးလို့ ကောင်းသည့် အုပ်စုထဲမှာဆိုလျှင် ကျွန်မ ကြက်ကို မစားဖို့ ရွေးချယ်ပါသည်။ ဒိုးနတ်ကို မစားရ။

ကျွန်မအလွန် နှစ်သက်သော ခရိုဆွန်ဟု ခေါ်သည့် ခရွားဆွန့်ကို ကျွန်မ မစားရ။ ကြက်ကြော်ဆိုင်တွေမှာ သူငယ်ချင်းတွေနှင့် အတူထိုင်ဖြစ်လျှင်လည်း ကြက်ကြော်ကို လုံး၀မစားရ။ ပီဇာ ကောင်းကောင်းဆိုလျှင် ကျွန်မကြိုက်၏။ သို့သော် ပီဇာ မှန်သမျှက သက်သတ်လွတ်ဆိုလျှင်တောင် ချိစ် ဒိန်ခဲနှင့် မကင်းသောကြောင့် အခုအခါ ပီဇာလည်း ကျွန်မမစားရ။ အင်း ကျွန်မ ဘယ်လိုမှ မနေနိုင်ဘဲ စားဖြစ်နေသည့် အဆီတွေ ရှိသေးသည်။ လဘက်နှင့် စားသော ပဲကြော်၊ ကြက်သွန်ဖြူကြော်တွေပေါ့။ မြေပဲဆားလှော်ကတော့ မိုနိုမပြည့်၀ဆီမို့ တည့်မည်ဟု မျှော်လင့်ကာ ကျွန်မ အရေအတွက်လျှော့ပြီး စားနေဆဲ ဖြစ်သည်။၆။ မီးကင်ထားသော၊ မီးခိုးငွေ့ပေးထားသော၊ ဆားနယ်ထားသော အစားအစာကို စားခြင်းမှ ရှောင်ကြဉ်ပါ။အဲဒါလည်း တကယ်မလွယ်တဲ့ ကိစ္စပါပဲ။

ကျွန်မတို့ လူမျိုးတွေက အကင်ယဉ်ကျေးမှုနှင့် နေသားကျနေ သည်မှာ ဆယ်စုနှစ် တခုစာ မကတော့ပါ။ ကျွန်ကိုယ်တိုင်ကလည်း အကင်နှင့်အတူ တွဲစားလေ့ရှိသော မာလာဟင်းကို နှစ်သက်နေပြီမို့ အကင်ဆိုင်မှာ နှစ်လတခါလောက်တော့ အုပ်စုနှင့် ထိုင်ဖြစ်နေသည်။ အဓိက ကျွန်မတို့ စားတာက ငါးကင်ပေါ့။ မီးကျွမ်းသည့် အရေခွံတွေကို ဘယ်လိုပဲ ရှောင်ရှောင် ကာဗွန်ကတော့ ဗိုက်ထဲ ရောက်တာပါပဲ။ ပြောင်းဖူးကို ပြုတ်တာထက် ကင်တာကို ပိုကြိုက်လို့ ပြောင်းဖူးကင် အမြဲမှာမိသည်။ ကျွန်မတို့ အုပ်စု အကင်ဆိုင်ထိုင်လျှင် စွဲလန်းနေကျ အစားအသောက်တွေကို တယောက်နှင့်တယောက် သိနေကြပြီမို့ အကင်တွေဆီ သွားကြည့်စရာမလို။ တယောက်ယောက်က နောက်ကျလျှင်လည်း ထိုတယောက်စားနေကျ အစားက ဘာလဲဟု ကျန်လူတွေက သိပြီးသားမို့ သူ့အတွက် မှာထားပေးလို့ ရသည်။ ကျွန်မနှင့် နီနီခက် နှစ်ယောက်စလုံးပါလျှင် မာလာဟင်းနှင့် ငါးကင်ကိုသာ မှာပေးထားပေတော့။

ကိုပီတာ မလာသေးလျှင်လည်း သူက ၀က်လျှာတို့ ၀က်သားပြားတို့ ကြိုက်တာမို့ သူ့အတွက် ကြိုမှာပေးထားပေတော့။ အာလူးကင်ပါမည်။ ရုံးပတီကင်ပါမည်။ ပြောင်းဖူးကင်ပါမည်။ ငါးဖယ်ဆုပ်ပြားကင် ပါမည်။ ဒါတွေပါပဲ။ တခါတခါ ထမင်းမစားလိုလျှင် ခေါပုတ်ကင် မှာမည်။ ဒီလောက် နေသားကျနေသည့် အကင်တွေကို မစားရဘူးဆိုလျှင်တော့ မလွယ်လှပေ။ သို့သော် ကျွန်မတို့ ကင်ဆာကို သေမင်းအဖြစ် မရွေးလိုဘူးဆိုလျှင် ဒီလောက်တော့ ကိုယ့်ကိုယ်ကို ချုပ်တည်းရပေမည်။၇။ ဝဖြိုးခြင်းကို အစားအသောက် ရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြင့် လျှော့ချပါ။ ကိုယ် လုံးကို မိမိအရပ်နှင့် လိုက်လျောညီထွေဖြစ်သည့် အလေးချိန်ထက် မပိုပါစေနှင့်။ကဲ ကြည့်ရအောင်။ ကျွန်မက အရပ်ပုသည်။ ငါးပေတောင် မပြည့်သည့် အရပ်။

အတိအကျ ပြောရလျှင် လေးပေနှင့် ဆယ့်တစ်လက်မပဲ ရှိသည်။ ကျွန်မကိုယ်အလေးချိန်က ပေါင် ၁၀၀ နှင့် ၁၀၅ ပေါင်ကြားမှာ ပြေးနေသည်။ အရပ်လေးပေ ဆယ့်တလက်မ ရှိသူအတွက် ကိုယ်အလေးချိန်က ၉၄ ပေါင်နှင့် ၁၁၄ ပေါင် ကြားမှာ ရှိရမည်တဲ့။ သည်တော့ ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန် အကန့်အသတ်ထဲမှာပဲ ရှိနေသည်။ မဆိုးလှပါပေါ့။ သို့သော် ကျွန်မကိုယ် ကျွန်မ ဝနေသည်ဟု ခံစားရသည်။ ဘာဖြစ်လိုလဲဆိုတော့ ငယ်စဉ်က ကျွန်မက ကိုယ့်အရပ်နှင့် ကိုက်ညီသည့် ကိုယ်အလေးချိန် သတ်မှတ်ချက် အနည်းဆုံး အဆင့်အနေနှင့် ၉၆ ပေါင် ဖြစ်ခဲ့သည်။ ယခုအခါ ပိုပိုပြီး ၀လာသည်မို့ ပေါင်ချိန် မလွန်သေးပေမယ့် သိပ်မကောင်းပါ။ သည်တော့ အစားအသောက် ရှောင်ကြဉ်ခြင်း ပြုလုပ်ရမည်။ လေ့ကျင့်ခန်း လုပ်ရမည်။

လေ့ကျင့်ခန်း လုပ်ဖို့ဆိုတာ ပြောတော့ လွယ်ပေမယ့် တကယ်မှန်မှန် စနစ်ကျကျ လုပ်ဖို့ မလွယ်ပါ။ အထူးသဖြင့် အားကစားလေ့ကျင့်သည့် ဌာနတွေသို့ မသွားပဲ ကိုယ့်အိမ်မှာ ကိုယ်လုပ်လို့ကတော့ ပျက်တရက် လုပ်တရက်ပါပဲ။ ကျွန်မ လေ့ကျင့်ခန်းလုပ်သည်ဟု ပြောလို့ရသော်လည်း ကိုယ်အလေးချိန် လျှော့ချဖို့အတွက် တကယ်မလုပ်ဖြစ်သေးပါ။ ကျွန်မနေ့စဉ်လုပ်သည့် လေ့ကျင့်ခန်းက အရိုးကျီးပေါင်းတက်ရောဂါကို ကာကွယ်ကုသသည့် လေ့ကျင့်ခန်းမျိုးသာ ဖြစ်နေသေးသည်။ အဓိကကတော့ ဇက်လေ့ကျင့်ခန်း၊ လည်ပင်း လေ့ကျင့်ခန်းပေါ့။ ဒါကလည်း နေမထိ ထိုင်မသာ နောက်ကျောတက်လာသည့်အခါမှာ ကျွန်မဆရာမ မမတူးကို သွားတိုင်ပင်တော့ မမက ဘာဆေးမှ မပေးပဲ လေ့ကျင့်ခန်းလုပ်ခိုင်းရာက စခဲ့၏။

နံနက်တိုင်း မှန်မှန် လေ့ကျင့်ခန်းလုပ်လို့ နေထိုင်ကောင်းလာသည့်အရသာကို ကျွန်မ သဘောကျသွားပြီး ဆက်လက် လှုပ်ရှားနေမိတာ ဖြစ်သည်။ ကိုယ်အလေးချိန်ချဖို့ လေ့ကျင့်ခန်းကို အခုထိ မလုပ်ဖြစ်သေးပါ။ စလုပ်ဖို့ကို နေ့ရွှေ့ ညရွှေ့ ရွှေ့နေဆဲ။လေ့ကျင့်ခန်းတွေမှာ ကျွန်မတို့အတွက် အခြေခံ လိုအပ်သည့် နှလုံးနှင့် အဆုပ်တို့ကို သန်စွမ်းစေသည့် လေ့ကျင့်ခန်းတွေကိုပဲ ရွေးပါဦးတော့။ ကိုယ်၏ ကြွက်သား အကြီးစားများ ပါ၀င်စေသည့် လေ့ကျင့်ခန်းမျိုးတွေပေါ့။ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ လှေလှော်ခြင်း၊ စကီးစီးခြင်း၊ လက်ဝှေ့ထိုးခြင်း၊ ကြိုးခုန်ခြင်း တဲ့။ ဘောလီဘောကစားခြင်း၊ ဘတ်စကက်ဘောကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း။အလိုလေး။ အဲဒီ အမျိုးအစားတွေမှာ ကျွန်မလုပ်နိုင်တာက ဘယ်နှမျိုးပါလိမ့်။

စက်ဘီးလုံး၀ မစီးတတ်သည့် ကျွန်မအတွက် တကယ်ကို နစ်နာပါလား။ စက်ဘီးစီး လေ့ကျင့်ခန်းကို တကယ့်လမ်းပေါ်မှာ၊ ကန်စောင်းမှာ လေကိုပြင်းပြင်းရှုရင်း မပြုလုပ်နိုင်တော့ဘူးပေါ့။ ကျွန်မ ကိုးတန်းနှစ်က အစ်ကို သင်ပေးလို့ စက်ဘီးစီး သင်ခဲ့ဖူးပါ၏။ ကျွန်မက နာကျင်မှာကို အလွန်ကြောက်တတ်လို့ ကစားတာတောင် ပြေးလွှားပြီးကစားသည့် နည်းကို ရှောင်ခဲ့သူ။ ဘယ်တတ်မလဲ။ လုံး၀ကို မတတ်ခဲ့ပါ။ ညီမတွေ တတ်သွားသော်လည်း ကျွန်မ မတတ်ခဲ့ပါ။ အခု အသက်ကြီးတော့မှ တခါတခါ သူများတွေကို အားကျပြီး စက်ဘီးစီးချင်စိတ် ပေါ်လာသည်။ ကိုယ်စီးလျှင် မလဲမည့် စက်ဘီးမျိုးဖြင့် သင်ယူချင်သည်။

ကိုယ့်အရပ်နှင့် လိုက်လျောညီထွေ ဖြစ်မည့်၊ မလဲအောင်လည်း ဘေးက နေ ဘီးသေးသေးလေးတွေဖြင့် ထပ်ဆင့်ကာကွယ် ထောက်ပင့်ပေးထားမည့် (အဲဒါမျိုး ရှိ မရှိတော့ မသိပါ) စက်ဘီးမျိုးဖြင့် သင်ယူချင်သည်။ အဲဒီလို စက်ဘီးမျိုး ရှိခဲ့လျှင် တစီးလောက် ၀ယ်နိုင်အောင်တော့ ကျွန်မ ငွေကြေးနိုင်နင်းပါပြီ။ သို့သော် မတော်တဆ လဲပြုသွားလျှင် အရိုးကျိုးဖို့ ရာနှုန်းက တော်တော်များနေသည့် အသက်အရွယ်။ အရိုးပွသည့် ဒီဂရီက များနေခဲ့မလားဟု သွေးစစ်ကြည့်တော့ ပုံမှန်ပဲ။ ငါ စက်ဘီးစီးလို့ ရသေးတယ်ထင်ပါရဲ့။ သို့သော် မတော်တဆ ချွတ်ခနဲ အရိုးကျိုးသွားလျှင် ကျော်မကောင်း ကြားမကောင်း။

မဖြစ်သေးပါဘူး။ ဒီခေတ်မှာ တကယ်မစီးဘဲ စက်ဘီးစီး လေ့ကျင့်ခန်းလုပ်ဖို့ ကရိယာတွေ တီထွင်ထားတာပဲ။ စိတ်ဓါတ်ကျစရာမလို။ စျေးတော့ ပိုကြီးမလား။ မထူးပါဘူး။ တကယ့်စက်ဘီးလဲ အကောင်းစားဆိုလျှင် သိန်းဂဏန်းတော်တော်ကျော်အောင် ပေးရတာပဲ။ စက်ကိုပဲ ၀ယ်တော့မှာပေါ့။ စက်ဘီးစီး သည့် စက်က ဘယ်လောက်လဲ ကျွန်မ မသိဘူးနော်။ကဲ ထပ်ရှာပါဦး။ ကျွန်မ လုပ်နိုင်သည့် လေ့ကျင့်ခန်း ဘာရှိသေးလဲ။ ရေကူးခြင်း။ လုံး၀ မဖြစ်နိုင်တော့တာ မဟုတ်။

ကျွန်မသည် ရေပေါ်ပေါ်အောင် ခြေကို ခပ်တတ်ပါ၏။ ဖော့ပြားကလေးသာ လက်က ပိုက်ထားခွင့် ရမည်ဆိုလျှင် ရေကူးကန်ထဲမှာ နာရီပိုင်မျှ ကြာအောင် ကူးနိုင်ပါ၏။ ကျွန်မက ရေကူးရင်းမှ အသက်မရှူတတ်ပဲ။ ဖော့ပြားနှင့်မှ အသက်ရှူဖို့ ရေပေါ် ပေါ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် တ၀က်တော့ ကူးတတ်သည်ဟု ကိုယ့်ကိုယ်ကို သာသာထိုးထိုး တွေးသည်။ အဲ နေဦး။ ရေကူးလေ့ကျင့်ခန်းက ဖော့တုံးပါလျှင် တ၀က်ပဲရမည်။ ဖော့တုံးကို လက်က ဆန့်လျက်သား ကိုင်ထားတာမို့ လက်လေ့ကျင့်ခန်း မပါသလောက်ပဲ။

ခြေထောက်ချည်းပဲ လှုပ်ခတ်နေရတာ။ ဒါဆိုလျှင် အကျိုးကျေးဇူးလည်း တ၀က်လောက်ပဲ ရမှာ။ အဖြစ်သေးပါဘူး။ထပ်ရှာကြည့်တော့ ပြေးခြင်းတဲ့။ အဲဒါ အကောင်းဆုံးပါပဲ။ ကျွန်မအတွက် အသင့်တော်ဆုံးပါပဲ။ ကျွန်မ ပြေးနိုင်သည်။ လွတ်လွတ်လပ်လပ် ပြေးနိုင်သည်။ သင်ယူနေစရာ မလို။ မွေးကတည်းက ပြေးလာခဲ့တာ။ ခြေလက်အကောင်းကြီးတွေ ရှိနေတုန်းကို ပြေးမှ။နှလုံးကြွက်သားနှင့် အသက်ရှူကြွက်သားတွေ ကောင်းအောင်လေ့ကျင့်ခန်း လုပ်ရမည်။ လမ်းလျှောက်ရမည်။ ပြေးရမည်။ အင်း ကြိုးလဲ ခုန်နိုင်သေးတာပဲ။အားမလျှော့ပါဘူး။ သေမင်းကို မရွေးကောင်းပေမယ့် ရွေးလို့လည်း မရပေမယ့် ကိုယ်မရွေးချင်သည့် သေမင်းတွေနဲ့ ဝေးဖိုတော့ ကျွန်မ အင်အားစိုက်ထုတ် အပင်ပန်းခံ သင့်တာပေါ့နော်…

Credit : Bookish by Karine

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.