ပုဏ္ဏားကြီး နှင့် အကြွေစေ့

ပုဏ္ဏားကြီး နှင့် အကြွေစေ့

 

 

 

တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ တိုင်းပြည်တစ်ပြည်ကို ရောက်ရှိလာပါတယ်။ သူဟာ လမ်းပေါ်မှာ လျှောက်သွားနေတုန်း ပိုက်ဆံအကြွေစေ့တစ်ခု ကောက်ရပါတယ်။ သူလဲ အဲဒီအကြွေစေ့ကို ယူပြီး လိုအပ်မယ်ထင်တဲ့လူကို ပေးဖို့ လိုက်ရှာပါတယ်။ ဒါပေမယ့် တွေ့သမျှလူတိုင်းက ပျော်ရွှင်ကျေနပ်နေကြပြီး လိုအပ်သူတစ်ယောက်မှ မတွေ့ပါဘူး။ ဒါနဲ့ပဲ နေရာတစ်ခုရှာပြီး သူ ညအိပ်လိုက်ပါတယ်။နောက်နေ့နံနက်အိပ်ယာကထတော့ သူတွေ့လိုက်ရတာက အဲဒီတိုင်းပြည်ရဲ့ ဘုရင်က စစ်ထွက်ဖို့ ပြင်ဆင်နေပါတယ်။ ဘုရင်က ပုဏ္ဏားကို တွေ့တော့ ‘အို အသင်ပုဏ္ဏား အကျွန်ုပ် တိုင်းပြည်ချဲ့ထွင်ရန်အတွက် စစ်ထွက်တော့မှာဖြစ်တယ်။ စစ်ပွဲအောင်နိုင်ဖို့အတွက် ဆုတောင်းပေးပါ။’ ဆိုပြီး ပြောပါတယ်။ ပုဏ္ဏားကြီးလဲ ခနစဉ်းစားလိုက်ပြီး သူ့လက်ထဲက အကြွေစေ့လေးကို ဘုရင်ကို ပေးလိုက်ပါတယ်။ ဘုရင်က အကြွေစေ့ကို ကြည့်ပြီး ‘ဒီအကြွေစေ့ပေးတာက ဘာအဓိပ္ပါယ်လဲ ပုဏ္ဏားကြီး။’ လို့ ပြန်မေးပါတယ်။

 

 

 

ပုဏ္ဏားကလည်း ရှင်းပြပါတယ်။ ‘အရှင်မင်းမြတ်။ ကျွန်တော်မျိုး ဒီအကြွေစေ့လေးကို မနေ့က လမ်းပေါ်မှာ ကောက်ရပါတယ်။ ကျွန်တော့်အတွက်လဲ အသုံးမလိုတဲ့အတွက် လိုအပ်တဲ့လူကို ပေးဖို့ လိုက်ရှာပါတယ်။ ဒါပေမယ့် အရှင်မင်းမြတ်ရဲ့ မြို့တော်ထဲက မြို့သူမြို့သားတွေအကုန်လုံးက ပျော်ရွှင်ကျေနပ်နေကြပြီး လိုအပ်ချက်ရှိပုံမပေါ်ပါဘူး။ ဒါပေမယ့် ဒီနေ့တော့ အရှင်မင်းမြတ်က နိုင်ငံတော်ရဲ့ ဘုရင်ဖြစ်နေပေမယ့် ပိုပြီး လိုချင်တပ်မက်စိတ်တွေ ရှိနေသေးတာကို တွေ့ရတဲ့အတွက် ဒီအကြွေစေ့လေးကို လိုအပ်မယ်လို့ထင်လို့ ပေးတာပါ။’ လို့ပြောလိုက်ပါတယ်။ဘုရင်လည်း သူ့ရဲ့ လောဘစိတ်ကို ပြန်သတိထားမိသွားပြီး စစ်တိုက်ဖို့အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတော့တယ်။တစ်ခါတစ်လေမှာ လူတိုင်းဟာ မိမိပိုင်ဆိုင်ရရှိထားသည်များနဲ့ ကျေနပ်ပျော်ရွှင်အောင် နေတတ်ဖို့လိုပါတယ်။ လူတိုင်းကတော့ ပိုမိုကောင်းမွန်တဲ့ ဘဝကို လိုချင်တပ်မက်ကြတာပါပဲ။ ဒါပေမယ့် အဲဒီလိုချင်တပ်မက်စိတ်ကြောင့် မိမိပိုင်ဆိုင်ထားသမျှလေးနှင့် ပျော်ရွှင်ကြည်နူးရမယ့် အချိန်လေးတွေကို ဆုံးရှုံးသွားတတ်ပါတယ်။ အမြဲတမ်း နှိုင်းယှဉ်ပြီး အနိုင်လိုချင်နေမယ့်အစား ပျော်ရွင်ချမ်းမြေ့ပြီး ကျန်းမာတဲ့ ဘဝလေးကို တည်ဆောက်လိုက်ပါ။

 

Credit

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.