ဒုတ်ပြီး ဓားပြီး သေနတ်ပြီးတဲ့ လှေသင်းအတွင်းဝန် ဦးရွှေမောင်ရဲ့ ထူးဆန်းတဲ့ ဘဝနိဂုံး

ဒုတ်ပြီး ဓားပြီး သေနတ်ပြီးတဲ့ လှေသင်းအတွင်းဝန် ဦးရွှေမောင်ရဲ့ ထူးဆန်းတဲ့ ဘဝနိဂုံး

 

 

သီပေါမင်းလက်ထက် အင်္ဂလိပ် မြန်မာ တတိယ စစ်ပွဲတစ်လျှာက် အင်္ဂလိပ်တို့အား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သူများတွင် လှေသင်းအ တွင်းဝန် ဦးရွှေမောင်သည် အလွန်ကျော်ကြားလှသည်။ လက်ရုံးရည် အစွမ်းထက်လှ၍ ဒုတ်ပြီး ဓားပြီးသူ အဖြစ် နာမည်ကြီးသည်။ စလေမြို့စားမင်းကြီး ဇေယျကျော် ထင်ဘွဲ့ရရှိခဲ့သူဖြစ်ပြီး “အင်္ဂလိပ် စစ်သင်္ဘောများအား ခုခံတိုက်ခိုက်ခြင်း မပြုရ” ဟူသောအမိန့်ကို ဆန့်ကျင်ကာ အင်္ဂလိပ်တို့အား တိုက်ခိုက်ခဲ့သူဖြစ်သည်။ထိုတိုက်ပွဲတွင် ကျည်ဆံဗုံးဆံများ ကြားထဲမှ မတ်မတ်ရပ် စီစဉ်ညွှန်ကြားနေသော ဦးရွှေမောင်သည် ဒါဏ်ရာတစ်ခု တစ်လေမှပင်မရ။ သူ၏ တပည့်များကတော့ လှေသင်းအတွင်းဝန်မင်း၏ ကာယ သိဒ္ဓိဆေးများကြောင့် ဟုထင်ကြသည်။ လှေသင်းအတွင်းဝန်မင်း၏ နောက်ဆုံး ဘဝနိဂုံးမှာ ထူးဆန်းလှသည်။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်တို့က ဦးရွှေမောင်အား ရာထူးရာခံများဖြင့် စည်းရုံးသော်လည်း အင်္ဂလိပ် လက်အောက်၌ လုံးဝမလုပ်လို ဟူ၍ ငြင်းပယ်လိုက်သည်။မိမိဇာတိ ဝါးချက်ရွာသို့ မကြာခဏ သွားရောက်လေ့ရှိရာ တစ်နေ့တွင် မင်းကျောင်းဆရာတော်က လှေသင်းအတွင်းဝန်၏ ဇာတာကို ယူ၍ကြည့်သည်။ ကြည့်ရင်း- “ဒကာကြီး၊ ဇာတာအရဆိုရင် သူတစ်ပါးလက်နက်နဲ့ မသေနိုင်ပေမယ့် အဆိပ်ရှိတဲ့ သတ္တဝါတစ်ကောင်ကိုက်ပြီး သေတတ်တယ်၊ အကောင်းပကတိကနေ ရူးသွပ်သွားတတ်တဲ့ အကောင်ကြီးကြီးကိုသတိထားပါ” ဟု မိန့်ဆိုလေသည်။ လှေသင်းအတွင်းဝန်ကတော့ ဆရာတော်၏ အဆိုကို သိပ်သဘောမကျ။ ဓါး၊ သေနတ် နဲ့တောင် မသေတဲ့သူက အကောင်ကိုက်လို့သေမယ် ဆိုသည်ကြောင့်ပင်။ သို့သော် မိမိယုံကြည်ရသည့် ဆရာတော့်စကားကို မပယ်ရှားဝံ့။

 

 

ဆရာတော်စကားကို စဉ်းစားကြည့်လျှင် မိမိကိုကိုက်မည့် အကောင်မှာ ခွေးရူး ဖြစ်နိုင်ကြောင်း ဦးရွှေမောင်သိသည်။ သို့ဖြင့် အသေအချာ စဉ်းစားပြီးသည့်နောက် ခွေးရူး ကာကွယ်ရေး အစီအစဉ်များကို လုပ်ဆောင်သည်။ ယခင်မြို့ထဲရှိ အိမ်၌ မနေတော့ပဲ မိမိပိုင် တက်သေး အင်း နားရှိ ဥယျာဉ်ခြံထဲက အိမ်လေးတွင် ပြောင်းရွှေ့နေထိုင်သည်။ အိမ်လေးမှာ ခြေတံရှည် အိမ်ဖြစ်ပြီး အိမ်လေးဆီကိုရောက်ရန် ပေ ၁၀ဝ ခန့်ကျယ်သော ချောင်းကို ဖြတ်ကူးရမည် ဖြစ်သဖြင့် ခွေးရူး မရောက်နိုင်ဟု ထင်မိသည်။ထိုအိမ်လေးတွင် နေရင်း တစ်နေ့တွင် အ တွင်း ဝန်မင်း၏ သားဖြစ်သူ နေထိုင်မကောင်းဖြစ်သဖြင့် နေ့မအား ညမအားပြုစုရသည်။ ယင်းသို့ ပြုစုနေစဉ်အတွင်း တစ်မနက် အာရုဏ်တက်တွင် ခွေးရူးတစ်ကောင်သည် ချောင်းကိုဖြတ်ကူးကာ အတွင်းဝန်မင်း၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။ နံနက်စောစော ထမင်းထချက်သည့် အမျိုး သမီးက မြင်သဖြင့် ခွေးရူးအား ဟိန်းဟောက်လိုက်သည်။ ထိုအသံကိုကြား၍ အတွင်းဝန်မင်းထလာရာ ခွေးရူးသည် အတွင်း ဝန်မင်း၏ ခြေသလုံးအား ကိုက်လိုက်လေတော့သည်။ခွေးရူးသည် လှေအတွင်းဝန်မင်းအား ကိုက်ပြီးသည်နှင့် မည်သည့်နေရာ ရောက်သွားမှန်းမသိ။ ပျောက်ခြင်းမလှ ချက်ချင်း ပျောက်သွား၏။ (အမှန်မှာ ခွေးရူးများသည် ရေကြောက်ရမည်ဖြစ်သော်လည်း ဒီခွေးရူးကမူ ရေမကြောက်ပဲ ချောင်းကို ဖြတ်ကူးကာ ဦးရွှေမောင်ကို ကိုက်၍ ပျောက်သွားသည်မှာ ထူးဆန်းလှသည်) ဦးရွှေမောင်သည် ခွေးရူးရောဂါကို ဆေးအမျိုးမျိုး ၊ ဆရာအမျိုးမျိုးနှင့် ကုသပါသော်လည်း မသက်သာတော့ပဲ နောက်ဆုံး ထိုရောဂါဖြင့်ပင် ဆုံးပါးသွားလေသည်။ အန္တရာယ်ကိုကြိုသိ၍ ကာကွယ်ထားပါသော်လည်း ကာကွယ်ထားသည့် ကြားမှပင် အသက်ဆုံးသွားရသည့် လှေအသင်းဝန်မင်း၏ နိဂုံးမှာ ထူးဆန်းလှပေတော့သည်။Ref; ရာဇဝင်ထဲက ဖြစ်ရပ်ဆန်းများ – တင်နိုင်တိုး – မြန်မာ့သမိုင်းဝင် သမိုင်းတွင်ခဲ့သော ဖြစ်ရပ်များ – နန္ဒာမိုးကြယ်

 

Credit

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.